ဗီယက်နမ်နိုင်ငံ (Vietnam) ဟာ အရှေ့တောင်အာရှမှာ လည်ပတ်လို့အကောင်းဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုပါ…
By Frank
Last Updated June 7, 2026
တစ်ချိန်က အင်ဒိုချိုင်းနား (Indochina)လို့ ခေါ်ခဲ့ကြတဲ့ ဒီနိုင်ငံမှာ ကမ်းရိုးတန်းအလှကြွယ်ဝပါတယ်… လှပသာယာတဲ့ကမ်းခြေတွေလည်း မနည်းလှပါဘူး… သူထိစပ်နေတဲ့ပင်လယ်က ပစိဖိတ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ် (South China Sea) ပါ… ထူးခြားတာက ဗီယက်နမ်ရဲ့ကမ်းခြေတွေက ရေနောက်ကျိနေတာမရှိဘဲ ပြာလဲ့ပြီး အရမ်းလှပပါတယ်…
အရှေ့တောင်အာရှမှာတော့ ဗီယက်နမ်က တမျိုးတဖုံလေးကွဲထွက်နေပါတယ်… သူ့ရဲ့ယဥ်ကျေးမှုက အရှေ့တောင်အာရှဆန်တယ်… လူတွေက ဖော်ရွေကြတယ်… ပြောရဆိုရမခက်ဘဲ သဘောထားပျော့ပြောင်း (flexible ဖြစ်) ကြတယ်… သူတို့ရဲ့နေထိုင်မှု၊ အိမ် အဆောက်အအုံဒီဇိုင်းတွေနဲ့ အနုပညာယဥ်ကျေးမှုတွေတိုင်းမှာ အရှေ့တောင်အာရှဆန်တဲ့ ပုံဖော်မှုတွေ၊ ပုံရိပ်တွေထင်ဟပ်နေတယ်… ဒါကြောင့်မို့လည်း ဒီနိုင်ငံကို ကမ္ဘာအနှံ့ကလူတိုင်း အရမ်းစိတ်ဝင်စားပြီး အလည်သွားချင်ကြ စူးစမ်းလေ့လာချင်ကြတာပါ…
ဗီယက်နမ်ရဲ့ သမိုင်းအကျဥ်း…
ဗီယက်နမ်ရဲ့သမိုင်းရဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်မှာ ပထမနှစ်တထောင်က ရှေးခေတ်တရုတ်ပြည်ရဲ့ လက်အောက်ခံနယ်မြေကြီးတခုအနေနဲ့ရှိနေခဲ့ပါတယ်… အဲ့ဒီနောက် တရုတ်ရဲ့လွှမ်းမိုးအုပ်ချုပ်မှုအောက်ကနေ ရုန်းထွက်ခဲ့ပြီး ဗီယက်နမ်ရယ်လို့ ကိုယ်ပိုင်ရပ်တည်ခဲ့တာ အခုဒီဘက် နှစ်တထောင်လုံးလုံးပါဘဲ… ဒါပေမယ့် သမိုင်းတလျှောက်မှာ ဗီယက်နမ်ရယ်လို့ တစုတစည်းတည်းမဟုတ်ဘဲ အပိုင်းပိုင်းကွဲထွက်နေပြီး တနေရာတမျိုးနဲ့ နှစ်ပေါင်းရာချီဖြစ်နေခဲ့တာပါ… နိုင်ငံရဲ့နာမည် ဗီယက်နမ်ဆိုတာတောင်မှ ပေါ်လာတာ နှစ် ၂၀၀ ကျော်လေးဘဲရှိပါသေးတယ်…
19-ရာစု 1850 ကျော်မှာတော့ ပြင်သစ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေးတွေစတင်ထိတွေ့ခဲ့ပြီး ဗီယက်နမ်ရဲ့ကံကြမ္မာဟာ စတင်ပြောင်းလဲခဲ့ပါတယ်… အဲ့ဒီအချိန်ကစပြီး ဗီယက်နမ်ရဲ့နယ်မြေတွေကို ပြင်သစ်တွေက အပိုင်းပိုင်းသိမ်းယူခဲ့ပြီးတဲ့နောက် 1887 မှာတော့ ဗီယက်နမ်တခုလုံး ပြင်သစ်လက်အောက်ကို ကျရောက်ခဲ့ပါတယ်…
မြန်မာပြည်က ၁၈၈၅ မှာ ဗြိတိသျှကိုလိုနီဖြစ်တာဆိုတော့ အချိန်ကာလအတူတူလောက်မှာဘဲ အဲ့ဒီခေတ် ဥရောပစူပါဝါကြီးတွေရဲ့ အုပ်ချုပ်မှုအောက်ကို ကျရောက်ကြတာပါ… ၁၉ ရာစုနဲ့ ၂၀ ရာစုရဲ. ဥရောပကိုလိုနီဘဝနဲ့ခေတ်ထဲမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကိုလိုနီယဥ်ကျေးမှုနဲ့ တလွန့်လွန့်ရှင်သန်နေဆဲ ရိုးရာယဥ်ကျေးမှုတွေ ပူးပေါင်းပြီး ခေတ်သစ်ဗီယက်နမ်ရဲ့ ရုပ်သွင်ပေါ်လာပါတယ်… မြန်မာပြည်လည်း အဲ့ဒီအတိုင်းဖြစ်ခဲ့ပါတယ်…
ဗီယက်နမ်ဟာ ဒုတိယကမ္ဘာစစ်မှာပါခဲ့တယ်… ကမ္ဘာစစ်ကြီးပြီးတဲ့နောက် ၁၉၄၆ ကနေ ၁၉၅၄ အထိ ၈ နှစ်ကြာအောင် ပြင်သစ်ကိုတိုက်ပြီး လွတ်လပ်ရေးကို ၁၉၅၄ မှာရတယ်… ရပြီးတာနဲ့ ၁၉၅၅ မှာ အင်မတန်ဆိုးရွားလွန်းတဲ့ ဗီယက်နမ်စစ် (Vietnam War) စဖြစ်ပွါးတယ်… အဲ့ဒီစစ်ပွဲက နှစ် ၂၀ ကြာပြီး ၁၉၇၅ မှာမှ အဆုံးသတ်တယ်… စစ်ပြီးကာလနဲ့ စစ်ပွဲအလွန်ကာလတလျှောက်လုံးမှာ ထူထူထောင်ထောင်ဖြစ်ဖို့ပြန်ကြိုးစားတာက နှစ် ၂၀ မက ကြာခဲ့တယ်… အခုခေတ်မှာတော့ ဗီယက်နမ်က ပြန်လန်းနေပါပြီ…
လှပလွန်းတဲ့ဒီနိုင်ငံမှာ အချိုးအကွေ့အရမ်းများပြီး ကြမ်းတမ်းလွန်းတဲ့ အဲ့ဒီသမိုင်းတွေရှိခဲ့တာ အံ့သြစရာပါဘဲ…
နိုင်ငံက သမိုင်းအထပ်ထပ်အလွှာလွှာနဲ့ ရင့်ကျက်ခဲ့သလိုဘဲ ဗီယက်နမ်မှာ သမိုင်းနဲ့သက်တမ်းရင့်လှတဲ့ မြို့တွေအများကြီးပါဘဲ…
သမိုင်းအချိုးအကွေ့တွေများခဲ့တော့ ဒီနိုင်ငံမှာ ရှေးတရုတ်ရဲ့ရိုးရာယဥ်ကျေးမှုတချို့တွေ၊ ကွန်ဖြူရှပ်စ်ဝါဒတွေ၊ ကိုလိုနီခေတ်လက်ကျန်မြို့ပြယဥ်ကျေးမှုတွေက ဗီယက်နမ်မှာ အများကြီးကျန်နေခဲ့တာ အခုကာလအထိပါဘဲ…
အခုဒီနေ့ခေတ်ရာစုသစ်မှာ ဗီယက်နမ်ရဲ့တိုးတက်မှုအဟုန်က အံ့မခန်းဖြစ်နေပါတယ်… ဒါကြောင့်မို့ သွားရောက်လည်ပတ်သူတွေအဖို့ အပန်းဖြေခရီးတင်မကဘဲ ဗဟုသုတရစရာတွေလည်း ပေါများလှပါတယ်…
ဗီယက်နမ်အစားအသောက်
အစားအစာဆိုရင်လည်း ဗီယက်နမ်အစားအသောက်တွေက အမျိုးအစားများပြားပြီး ထူးခြားတယ်… Pho လို့ခေါ်တဲ့ ခေါက်ဆွဲပြုတ်က ဗီယက်နမ်ရဲ့ ပြည်တွင်းအစားအစာတစ်မျိုးပါ… အသံထွက်က ‘ဖို’ မဟုတ်ဘဲ ‘ဖာရ်’ လိုမျိုး အသံပေါ့ပေါ့ထွက်ကြပါတယ်… Pho က ဆန်ခေါက်ဆွဲရယ် ဝက်ခြေထောက်ရိုးရယ် အသားပြားနဲ့အသားလုံးတချို့ရယ်နဲ့ ဟင်းရွက်တွေရယ်ကို ရောထားတဲ့ ခေါက်ဆွဲပြုတ်ပါ… အရသာက ခပ်ပေါ့ပေါ့နဲ့ စားလို့ကောင်းပါတယ်…
Pho လိုမျိုးဘဲ Bun ဆိုတဲ့ ဆန်ကြာဆံရယ် အသားရယ် အရွက်တချို့ရယ် မြေပဲဆန်နည်းနည်းရယ်နံ့လုပ်ထားတဲ့ အစားအသောက်လည်းရှိပါသေးတယ်… Bun က တစ်မျိုးမကဘဲ အမျိုးအစားအများကြီးနဲ့ အရသာအမျိုးမျိုးရှိပါတယ်…
ဗီယက်နမ်တောင်ပိုင်းက ဟိုချီမင်းစီးတီးမှာ အတွေ့ရများတတ်တာက အမဲသားကိုထောပတ်နဲ့ကြော်ထားတာကို ကြက်ဥကြော်နဲ့တွဲပြီး ပေါင်မုန့်လုံးရှည်ထဲ ထည့်ညှပ်စားကြတာပါ… စားတဲ့အခါ မအီရလေအောင် ဆလပ်ရွက်ကိုပါရောပြီးစားကြပါတယ်… အတော်လေးစားကောင်းပြီး အာဟာရပြည့်ဝတဲ့အစားအသောက်ပါဘဲ…
ထမင်းကိုတော့ COM (ကွန် လို့အသံမထွက်ကြဘဲ ကောမ်း လို့အသံထွက်ကြပါတယ်) လို့ခေါ်ကြပြီး အသားပြားနှပ် သို့မဟုတ် ဟင်းတွေနဲ့စားကြပါတယ်… ဗီယက်နမ်နိုင်ငံက အစားအသောက်အမယ် အရမ်းစုံလင်တဲ့တိုင်းပြည်ပါဘဲ… အစားအစာတိုင်းမှာ ဘုံတူညီတာတစ်ခုက ဟင်းသီးဟင်းရွက်တွေပါဝင်တာပါဘဲ… ဗီယက်နမ်လူမျိုးတွေက ဟင်းသီးဟင်းရွက်အရမ်းစားကြပါတယ်… အဲ့ဒါကြောင့် ဗီယက်နမ်မှာ အဝလွန်နေတဲ့သူတွေ ဝနေတဲ့သူတွေ မတွေ့ရသလောက်ပါဘဲ… လူတိုင်းက ခပ်သွယ်သွယ်တွေများပါတယ်…
ဗီယက်နမ်မှာ ကော်ဖီက အရမ်းထွန်းကားတဲ့ယဥ်ကျေးမှုကြီးပါ… နိုင်ငံအနှံ့မှာ ကဖေးတွေများပြီး ကော်ဖီကြိုက်သူပေါတဲ့ နိုင်ငံပါဘဲ… ကော်ဖီကိုစိုက်ပျိုးထုတ်လုပ်မှုကလည်း ကမ္ဘာမှာ ဘရာဇီးနိုင်ငံပြီးရင် ဒုတိယအများဆုံးဖြစ်ပြီး Robusta ကော်ဖီကိုတော့ ကမ္ဘာမှာအများဆုံးထုတ်လုပ်ပါတယ်… ကော်ဖီကိုလည်း အမျိုးမျိုးလုပ်သောက်တဲ့တိုင်းပြည်ပါ… ထူးခြားလှတဲ့ကြက်ဥကော်ဖီ (egg coffee)၊ တခြားမှာမကြားဖူးတဲ့ အုန်းသီးကော်ဖီ (conunut coffee)၊ ခပ်ဆန်းဆန်းဖြစ်တဲ့ ဆားကော်ဖီ (salt coffee)၊ တမူထူးတဲ့ ဒိန်ချဥ်ကော်ဖီ (yoghurt coffee) စသဖြင့် ကော်ဖီအမျိုးမျိုးစုံလင်လှပါတယ်…
အဲ့ဒီအပြင် လက်ဖက်ခြောက်နံ့မွှေးနေတဲ့ ရေနွေးကြမ်းထဲကို ရေခဲတုံးလေးတွေထည့်ပြီး သောက်ကြတာကလည်း နေရာတိုင်းလောက်မှာပါဘဲ… ရိုးရှင်းပြီး သောက်လို့ကောင်းပါတယ်… Admin တော့ အဲ့ဒီ ရေနွေးအေးအေးကို အရမ်းကြိုက်ပါတယ်…
လည်ပတ်စရာ Highlight တွေ
ဗီယက်နမ်မြောက်ပိုင်းရဲ့ နာမည်ကြီးနေရာတွေမှာဆို နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Hanoi (ဟနွိုင်း) ရှိတယ်… သူ့မှာက သမိုင်းအမွေအနှစ်နေရာတွေများတယ်… Shopping အတွက်ကောင်းတယ်…
ပြီးတော့ Sa Pa ရှိတယ်… Sa Pa ကိုက အင်ဒိုချိုင်းနားရဲ့အမြင့်ဆုံးဖြစ်တဲ့ Fansipan တောင်ထိပ်ကို Cable car နဲ့တက်ပြီး သူ့အလှကိုခံစားဖို့သွားကြတယ်… Sa Pa မှာက Fansipan အပြင် O Quy Ho နဲ့ Fairy Valley ဆိုတဲ့နေရာနဲ့ Ron May Glass Bridge ဆိုတဲ့ Highlight တွေလည်း ရှိပါသေးတယ်…
မြောက်ပိုင်းရဲ့နောက်ထပ်နာမည်ကြီးနေရာတခုက Ha Long Bay ပါ… စိမ်းမြပြာလဲ့နေတဲ့ ပင်လယ်ပြင်ကနေ ထိုးထောင်ထွက်နေတဲ့ ကျွန်းပေါင်း ၂၀၀၀ နီးပါးနဲ့ ဟလောင်းဘေးက UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်ပြီး အံ့ဘနန်းလှပပါတယ်… ဟလောင်းဘေးရဲ့ နေ့ချင်းပြန် (သို့မဟုတ်) ညအိပ် Cruise တွေက အရမ်းလူကြိုက်များပါတယ်…
မြောက်ပိုင်းရဲ့နောက်ထပ် UNESCO စာရင်းဝင်နေရာတခုက Ninh Binh ပါ… သူကတော့ ဟလောင်းဘေးများ မြေပြင်ပေါ်ရောက်နေလားထင်ရမတတ်ဖြစ်ရတဲ့ သဘာဝကျောက်တောင်အလှတွေအပြည့်နဲ့ပါ… သူ့ရဲ့ Trang An နဲ့ Tam Coc အလှက အရမ်းနာမည်ကျော်ပါတယ်…
အခုနောက်ပိုင်း မြောက်ပိုင်းမှာ တဟုန်တိုးနာမည်ကြီးလာတာက Ha Giang Loop ပါ… တောင်ထူထပ်တဲ့ Ha Giang ဒေသရဲ့ လှပလွန်းတဲ့ ရှုခင်းအစုံကြားမှာ ၂ ညအိပ် (ဒါမှမဟုတ်) ၃ ညအိပ် ဆိုင်ကယ်ခရီးစဥ်တွေက အခုလက်ရှိဗီယက်နမ်ရဲ့ Highlight တခုပါ…
နိုင်ငံအလယ်ပိုင်းဇုံရဲ့ Top Highlight တွေကတော့ ဟွေးမြို့ (Hue)၊ Da Nang မြို့နဲ့ ဟွေအန်းမြို့ (Hoi An) တို့ ဖြစ်ပါတယ်… Hue က ဗီယက်နမ်ရဲ့နောက်ဆုံးမင်းနေပြည်တော်မြို့ပါ… နိုင်ငံရဲ့နောက်ဆုံးမင်းဆက်ဖြစ်ခဲ့တဲ့ ငွေ့ယင်မင်းဆက် (Nguyen Dynasty) ရဲ့ နန်းစိုက်ရာမြို့ဖြစ်ခဲ့ပြီး လေ့လာစရာ လည်ပတ်စရာများတယ်…
Da Nang မှာက လက်ရှိဗီယက်နမ်ရဲ့တိုးတက်မှုသရုပ်ကိုမြင်နိုင်တယ်… အဲ့ဒီအပြင် Da Nang မှာ သိပ်လှတဲ့ My Khe ကမ်းခြေ ရှိတယ်… Hoi An ကတော့ လှပတဲ့ Old Town ကို ပိုင်ဆိုင်ထားတဲ့မြို့ပါ… ဗီယက်နမ်မှာ အရမ်းနာမည်ကြီးတဲ့ Golden Bridge ရှိတဲ့ Ba Na Hills ကို ဟွေအန်းကဖြစ်ဖြစ် ဒါနန်းမြို့ကဖြစ်ဖြစ် သွားလို့ရတယ်… အလယ်ပိုင်းမှာက Hue နဲ့ Hoi An မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတွေရှိတယ်…
တောင်ဘက်မှာဆို မလည်မဖြစ်လည်ရမှာက Phu Quoc ကျွန်းပါ… ဗီယက်နမ်ရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ Phu Quoc မှာ ဥရောပနဲ့မြေထဲပင်လယ်စတိုင်လ်ဗိသုကာနဲ့တည်ဆောက်ထားတဲ့ Grand World နဲ့ Sunset Town တို့က သိပ်လှပပါတယ်… အဲ့ဒီအပြင် ဒီကျွန်းရဲ့ VinWonders ၊ Sea Shell Aquarium ၊ Safari ၊ Hon Thom Cable Car နဲ့ Kiss Bridge တို့ကို အရမ်းလူကြိုက်များပါတယ်… Hon Thom Cable Car က ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကေဘယ်ကားပါ… Phu Quoc ရဲ့ နောက်ထပ် Special Highlight တခုက သူ့မှာညဘက်ကြည့်ရတဲ့ Show တွေပါ… အံ့မခန်းတင်ဆက်မှုတွေမို့ ရောက်တုန်းရောက်ခိုက် လက်လွတ်မခံသင့်တဲ့အတွေ့အကြုံတွေပါဘဲ…
နိုင်ငံရဲ့တောင်ဘက်က Ho Chi Minh City (ဟိုချီမင်းမြို့) က ဗီယက်နမ်ရဲ့အကြီးဆုံးမြို့ပါ… မြို့တော်တော့မဟုတ်ပါဘူး… သူ့မှာက ပြတိုက်တွေများပြီး စျေးဝယ်ထွက်လို့ကောင်းပါတယ်… ဒီမြို့နဲ့မလှမ်းမကမ်းက ကူချီဥမင်တွေ (Cu Chi Tunnels) တွေက ဗီယက်နမ်စစ်သမိုင်းကိုစိတ်ဝင်စားသူတိုင်း သွားရောက်လေ့လာသင့်တဲ့နေရာတခုပါ…
ကုန်းမြင့်ဒေသမှာရှိပြီး ရာသီဥတုအေးမြနေတတ်တဲ့ Dalat မြို့မှာလည်း ရှုခင်းလှပပြီး ပျော်စရာကောင်းတဲ့လည်ပတ်စရာနေရာတွေရှိပါတယ်…
ဗီယက်နမ်မှာက လည်စရာတွေအခုပြောခဲ့တာတွေအပြင် နောက်ထပ်အများကြီးရှိပါသေးတယ်… 1972 ခုနှစ် ဗီယက်နမ်စစ်ကာလမှာ အမေရိကန်စာရေးဆရာ Paul Theroux (ပေါလ်သရိုး) က ဗီယက်နမ်ကိုသွားလည်ပါတယ်… အဲ့ဒီခရီးစဥ်မှာ ဗီယက်နမ်ကိုမသွားခင် သူကမြန်မာပြည်ကိုလည်း လည်ခဲ့ပါသေးတယ်… ဗီယက်နမ်မှာ သူက Hue ကနေ Da Nang ကို ရထားစီးရင်း ဗီယက်နမ်က သိပ်လှပလွန်းတာကို သူ့ရဲ့ နာမည်ကျော် The Great Railway Bazaar စာအုပ်မှာ ဖော်ပြခဲ့ပါတယ်… ဟုတ်ပါတယ်… ဗီယက်နမ်က အရမ်းကိုလှပပါတယ်…
အင်ဒိုချိုင်းနားကျွန်းဆွယ် (Indochina Peninsula) က နိုင်ငံတွေထဲမှာ ဗီယက်နမ်က ဟန်တစ်မျိုးကွဲထွက်နေတဲ့ ယဥ်ကျေးမှုတွေနဲ့နိုင်ငံပါ… ရှည်လျားထူထဲတဲ့ နိုင်ငံရဲ့သမိုင်းကြောင်းကလည်း လည်ပတ်ရင်းဗဟုသုတရှာမှီးသူတွေအဖို့ မှတ်သားစရာ အသိပညာတိုးစရာအများကြီးပါဘဲ… ဗီယက်နမ်နိုင်ငံကို မလိုအပ်တာ ဘာမှကုန်ကျဘဲ အကောင်းဆုံးထိထိမိမိလည်ပတ်ချင်ရင်တော့ MIC ကိုသာ ချက်ချင်းဆက်သွယ်လိုက်ပါ…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.