ရောင်စုံမီးပုံးလေးတွေအောက်ကလမ်းလေးတွေ၊ စနစ်တကျထိန်းသိမ်းထားတဲ့ဗိသုကာနဲ့အဆောက်အအုံတွေ၊ ကြွယ်ဝတဲ့နောက်ခံသမိုင်းတွေ၊ လှပတဲ့ထူဘွန်မြစ်နဲ့ညနေခင်းတွေ… စတာတွေနဲ့ ဟွေအန်းက ကမ္ဘာကျော်နေရာတခုပါ…
By Frank
Last Updated June 11, 2026
Hoi An က ဗီယက်နမ်အလယ်ပိုင်းမှာရှိပါတယ်… အခုလက်ရှိကာလမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကြီးထွားဖွံ့ဖြိုးလာနေပြီး လူသိများလာတဲ့ ဒါနန်းမြို့ (Da Nang) နားမှာ ရှိပါတယ်… ဒါနန်းမြို့လယ်ကနေဆို 20 km ကျော်ကျော်လေးဘဲဝေးပြီး ကားနဲ့ဆို မိနစ် ၄၀ လောက်ဘဲ စီးရပါတယ်…
Hoi An ဆိုတဲ့ ဗီယက်နမ်စကားလုံးက ‘ငြိမ်းချမ်းတဲ့ ဆုံရပ်’ လို့ အဓိပ္ပာယ်ရပါတယ်… သမိုင်းတလျှောက်မှာ သူက ကုန်သွယ်စီးပွားချည်းဘဲ အဓိကလုပ်တဲ့ နေရာပါ… အုပ်ချုပ်ရေးနဲ့ စစ်မက်တွေရဲ့ ဗဟိုချက်မဟုတ်ခဲ့ပါဘူး… ဒါကြောင့်လည်း အဲ့ဒီအဓိပ္ပာယ်ရတဲ့ Hoi An ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ခဲ့ပါတယ်…
ဟွေအန်းက မကြီးမသေးမြို့တမြို့ပါ… သူ့ဟာနဲ့သူလှပတယ်… သာယာတယ်… မြို့ကြီးတွေလို ပျားပန်းခပ်မနေဘူး… မြို့ခံတွေက ဖော်ရွေကြတယ်… ခရီးသွားလုပ်ငန်းထွန်းကားတဲ့မြို့မို့လို့ ဟိုတယ်တွေ၊ Resort တွေ၊ Villa တွေ၊ Homestay တွေ၊ စားသောက်ဆိုင်တွေနဲ့ ကဖေးတွေ တမြို့လုံးအနှံ့ များပြားပါတယ်…
ဟွေအန်းမြို့လယ်မှာ Hoi An Ancient Town (ဟွေအန်းရှေးဟောင်းမြို့ / ဟွေအန်းမြို့ဟောင်း) ရှိပါတယ်… အဲ့ဒီနေရာက ဒီမြို့ရဲ့ အဓိကဆွဲဆောင်မှု… မလည်လို့ လုံးဝမဖြစ်တဲ့နေရာ… Hoi An ရဲ့ အသာယာဆုံး အလှပဆုံးနေရာပေါ့…
သမိုင်းထဲက ဟွေအန်း
Hoi An Old Town ရဲ့မြို့လယ်မှာ ချောင်းငယ်တခုကိုဖြတ်ထိုးထားတဲ့ Japanese Bridge ဆိုတဲ့ အမိုးပါတဲ့တံတားတစင်းရှိပါတယ်… အဲ့ဒီတံတားကို 1593 (၁၆-ရာစု) မှာ ဂျပန်ကုန်သည်တွေက ချောင်းတဖက်က တရုတ်ကုန်သည်တွေရဲ့အပိုင်းနဲ့ ကူးသန်းရလွယ်ကူဖို့အတွက် ဆောက်လုပ်တာပါ… လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃၀ လောက်ကဆောက်ခဲ့တဲ့ ဒီတံတားနဲ့ နိုင်ငံခြားကုန်သည်တွေက ဟွေအန်းသမိုင်းရဲ့အရေးကြီးတဲ့သက်သေတွေပါဘဲ…
ဟွေအန်းရဲ့သမိုင်းထဲမှာပါခဲ့တာက ဂျပန်နဲ့တရုတ်ကုန်သည်တွေလောက်ဘဲ မဟုတ်ပါဘူး… အဲ့ဒီ ၁၆ ရာစုမှာဘဲ ပေါ်တူဂီတွေ ဟွေအန်းကို ရေလမ်းခရီးနဲ့ရောက်လာတယ်… ပင်လယ်ရေကြောင်းကုန်သွယ်ရေးစတင်တယ်…
အဲ့ဒီရာစုနှစ်ထဲမှာဘဲ ပေါ်တူဂီသာသနာပြုတွေပါ ဟွေအန်းကိုထပ်ရောက်လာတယ်… နောက်တော့ ဆက်တိုက်ဆိုသလို တခြားဥရောပတိုက်သားတွေ၊ အိန္ဒိယနဲ့ တခြားအာရှတိုက်သားတွေလည်း ငရုပ်ကောင်း၊ မဆလာ၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆန်၊ ပိုးထည်၊ အာရှနဲ့ဥရောပကုန်ပစ္စည်းတွေ အစရှိတာတွေကို ကုန်သွယ်ဖို့အတွက်လာကြတယ်… ဟွေအန်းက ဗီယက်နမ်-အာရှ-ဥရောပ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းထဲက အရေးပါတဲ့ဆိပ်ကမ်းမြို့တမြို့ဖြစ်လာတယ်…
၁၆-ရာစုလောက်ကစပြီး တစစဖြစ်ထွန်းလာတဲ့ ဟွေအန်းရဲ့ကုန်သွယ်ဆိပ်ကမ်းစီးပွားရေးဟာ ၁၉-ရာစု (၁၈၀၀ ပြည့်နှစ်ကနေ ၁၈၉၉ အထိကာလ) အထိ နှစ်ပေါင်း ၃၀၀ နီးပါး တည်တံ့ခဲ့တယ်… ဟွေအန်းကကြွယ်ဝခဲ့တယ်… အဲ့ဒီကာလမှာ ဒီမြို့မှာ အုတ်နဲ့သစ်ညှပ်ပြီးဆောက်တဲ့ အဆောက်အအုံပေါင်းထောင်ချီရှိခဲ့ပါတယ်…
အဲ့ဒီကာလတလျှောက်လုံးမှာ ဥရောပတိုက်သားတွေက ဟွေအန်းကို Faifo (ဖိုက်ဖို) လို့ ခေါ်ခဲ့ကြပါတယ်… အခုခေတ်မှာ Faifo ဆိုတဲ့ ဟွေအန်းရဲ့နာမည်ဟောင်းနဲ့ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ကဖေးတချို့ကို ဟွေအန်းမှာတွေ့နိုင်ပါတယ်…
ဒါပေမယ့် အရာရာကမမြဲတဲ့သဘောတရားအတိုင်း ၁၉-ရာစုမှာတော့ ဟွေအန်းကကျဆင်းလာပါတယ်… ပြဿနာထူပြောလှတဲ့ ၂၀-ရာစုတလျှောက်မှာလည်း ဟွေအန်းက ထူထူထောင်ထောင်မရှိတော့ပါဘူး…
ဒီဘက်ခေတ်ရဲ့ဟွေအန်း
1999 မှာ UNESCO က ဟွေအန်းကို ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်နေရာအတခုအဖြစ် စာရင်းသွင်းလိုက်ပါတယ်… အကြောင်းရင်းက မြို့အလယ် ထူဘွန်မြစ် (Thu Bon River) ကမ်းပေါ်မှာ အရင်အတိတ်ကာလကလက်ကျန် အဆောက်အအုံအဟောင်းအလုံးပေါင်း ၁,၁၀၀ ကျော်ကြောင့်ပါ…
အုတ်ကြွပ်မိုး၊ အုတ်နဲ့သစ်ညှပ်၊ ဝါကျင့်ကျင့် အဲ့ဒီအဆောက်အအုံဟောင်းတွေက ဟွေအန်းရဲ့သမိုင်း၊ အမှတ်အသား၊ ရိုးရာနဲ့ ယဥ်ကျေးမှုတွေကို ကိုယ်စားပြုပါတယ်… ဗီယက်နမ်ဆိုတာဘာလဲ၊ ဟွေအန်းဆိုတာဘာလဲဆိုတဲ့ မေးခွန်းတွေအတွက် ဒီအဆောက်အအုံတွေက အဖြေတခု ပြယုဂ်ကောင်းတခုပါဘဲ…
အခုခေတ်မှာ အဲ့ဒီအဆောက်အအုံတွေက ဆိုင်ခန်းအမျိုးမျိုး၊ ကဖေး၊ စားသောက်ဆိုင်နဲ့ ဘားတွေပါ… ဒါပေမယ့် သူတို့ကို ဟွေအန်းယဥ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ရဲ့ စီမံမှုအောက်မှာ စနစ်တကျကာကွယ်ထိန်းသိမ်းထားပါတယ်…
ရာပေါင်းများစွာသောဆိုင်ခန်းတွေ၊ ကဖေးတွေ၊ ဘားတွေ၊ လမ်းတိုင်းမှာရှိတဲ့ မြောက်များစွာသောမီးပုံးလေးတွေ၊ ထူဘွန်မြစ်ထဲက ရာနဲ့ချီတဲ့ လက်ခတ်သမ္ဗာန်တွေ၊ ဗီယက်နမ်ဟန်အပြည့်နဲ့ Cyclo တွေ စတာတွေနဲ့ ဟွေအန်းရဲ့ညနေခင်းတိုင်းက အရမ်းစည်ကားလှုပ်ရှားအသက်ဝင်လှပါတယ်… ဟွေအန်းက ဗီယက်နမ်ခရီးစဥ်တွေရဲ့မပါမဖြစ်အစိတ်အပိုင်းတခုပါဘဲ…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.