Vietnam တောင်ပိုင်းရဲ့ ထင်းရှူးမြို့တော်
အေးစိမ့်နေတတ်တဲ့ရာသီဥတု… မြို့ရဲ့အမှတ်အသားလိုဖြစ်နေတဲ့ ထင်းရှူးပင်တွေနဲ့ ကုန်းမြင့်ရှုခင်းတွေ… ဗီယက်နမ်မှာ ဗီယက်နမ်တွေကိုယ်တိုင် အရမ်းကြိုက်ကြတဲ့မြို့… ဒါလတ်က ဗီယက်နမ်ရဲ့နာမည်ကြီးလည်ပတ်စရာမြို့တွေထဲကတခုပါ…
By Amy | Last Updated June 12, 2026
ဒါလတ်မြို့က ဗီယက်နမ်တောင်ပိုင်းရဲအလယ်မှာရှိတဲ့ လန်ဘီယန်ကုန်းမြင့် (Langbiang Plateau) ပေါ်က တောင်ပေါ်မြို့… သူ့ရဲ့အမြင့်ပေက ပေ ၄၉၀၀ ဝန်းကျင်… အမြင့်ပေ ၄၃၀၀ ကျော်မှာရှိတဲ့ကလောနဲ့ အမြင့်ပေ ၄၇၀၀ ကျော်မှာရှိတဲ့တောင်ကြီးတို့ထက် နည်းနည်းပိုမြင့်တဲ့အမြင့်ပေမှာ ဒါလတ်ကတည်ရှိတာပါ…
ဒီအမြင့်ပေမှာရှိတဲ့ ရာသီဥတုက ထင်းရှူးပင်ရဲ့တွေအကြိုက် ထင်းရှူးရာသီဥတု… စိမ့်အေးတယ်… ပန်းတွေဝေတယ်… အရမ်းသာယာတယ်… နေလို့ လည်လို့က အရမ်းကောင်းပါဘဲ…
သမိုင်းထဲက Dalat
ဒါလတ်မြို့က သက်တမ်းရင့်တဲ့မြို့တော့မဟုတ်ပါဘူး… လွန်ခဲ့တဲ့ နှစ် ၁၃၀ ကျော် ၁၈၉၀ ပြည့်နှစ်ကာလတွေကမှ ကိုလိုနီပြင်သစ်တွေက တည်ထောင်တဲ့ တောင်ပေါ်မြို့ပါ…
အစပိုင်းကာလတွေမှာ ဒီမြို့က စိုက်ပျိုးရေးအတွက် သုတေသနစခန်းမြို့လေးပါဘဲ… အဲ့ဒီနောက် သူ့ရဲ့အေးမြပြီးသာယာတဲ့ ရာသီဥတု၊ ရှုမငြီး လှပသာယာလွန်းတဲ့ တောင်ကုန်းတောင်တန်းအလှတွေကြောင့် အပူရှောင်ချင်တဲ့သူတွေကြားမှာ အပန်းဖြေမြို့အနေနဲ့ အချိန်တိုအတွင်း နာမည်ကြီးလူသိများလာပါတယ်… ပြင်သစ်ကိုလိုနီခေတ်မှာတင် ဥရောပတိုက်သားတွေ အလည်လာရာဒေသဖြစ်လာပါတယ်…
အဲ့ဒီနောက်မှာ ပြင်သစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သီလရှင်တွေက ကျောင်းအိပ်ကျောင်းစားကျောင်း (Boarding school) တွေကို ဒါလတ်မြို့မှာ ဖွင့်လှစ်လာပါတယ်… ပြင်သစ်ကိုလိုနီခေတ်မှာ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားဒေသအတွင်းက ဥရောပတိုက်သားတွေ၊ ပြင်သစ်တွေနဲ့ ငွေကြေးတတ်နိုင်တဲ့ဒေသခံတွေက သူတို့သားသမီးတွေကို အဲ့ဒီကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစား ပညာသင်စေခဲ့ပါတယ်… ဒီလိုနဲ့ဘဲ ဒီမြို့လေးက အနောက်တိုင်းဆန်တဲ့ မြို့ကလေးဖြစ်ခဲ့ပါတယ်…
ဒီနေ့ခေတ်ရဲ့ Dalat
အခုကာလမှာ ဒါလတ်မြို့ကို ဗီယက်နမ်လူမျိုးတွေရော၊ ကမ္ဘာအနှံ့ကခရီးသွားတွေရော အရမ်းလာလည်ကြပါတယ်… မြို့နဲ့မြို့ပတ်ဝန်းကျင်မှာ ၄-၅ ရက် ဆက်တိုက်လည်ပတ်ရင်တောင် လည်စရာမကုန်တာမို့ ဒီမြို့ကိုလူကြိုက်များတာ မဆန်းလှပါဘူး…
ဒါလတ်မြို့ရဲ့မြေက နီးဆွေးပြီး မြေသြဇာအရမ်းကောင်းတာကြောင့် မြို့ပြင်ပတ်ဝန်းကျင်မှာရှိတဲ့ တောင်စောင်းတွေ၊ လျှိုတွေ တခွင်တပြင်လုံးမှာ အမျိုးမျိုးသောပန်းစိုက်ခင်းတွေ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ဖုံးလွှမ်းနေပါတယ်… စိုက်ကြတဲ့ဟင်းသီးဟင်းရွက်တွေက ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ပဲပိုးတီ အစရှိသဖြင့် စုံလင်လှပါတယ်… မြို့ပြင်မှာ စတော်ဘယ်ရီစိုက်ခင်းတွေရှိပြီး ဝင်လည်ပတ်လို့ရပါတယ်… စတော်ဘယ်ရီတွေကို ခူးပြီး အလေးချိန်နဲ့ ဝယ်စားလို့ရပါတယ်… ပြင်ဦးလွင်မှာလိုပါဘဲ…
ထူးခြားတာက မြို့ထဲက ကဖေးတွေရယ်၊ မြို့အပြင်ကခြံဝင်းကြီးတွေနဲ့ ကဖေးတွေရယ်ပါဘဲ… တချို့ဆိုရင် အရိပ်အာဝါသအရမ်းကောင်းတာအပြင် တသွင်သွင်စီးနေတဲ့စမ်းချောင်းလေးတွေရဲ့ဘေးတွေမှာရှိလို့ စိမ့်စိမ့်လေးနဲ့အေးအေးချမ်းချမ်းအပန်းဖြေလို့အရမ်းကောင်းတဲ့နေရာတွေပါ…
ဒါလတ်မြို့မှာ Cable Car စီးရင်း တောင်ကုန်းတောင်တန်းတွေရဲ့ရှုခင်းကို တဝကြီးခံစားရတာမိုက်တယ်… မြို့ထဲက Highlight တွေက လည်လို့ကောင်းတယ်… ပေ ၅၀၀၀ နီးပါးရှည်တဲ့ Zipline စီးတာ၊ ထင်းရှူးတောထဲမှာ Alpine Coaster စီးတာ စသဖြင့် Activity အစုံလုပ်လို့ရတယ်… Langbiang တောင်ထိပ်ကို Trekking လုပ်လို့ရပြီး (Trekking အဆင်မပြေတဲ့သူတွေက ကားနဲ့တက်လို့ရပါတယ်) တောင်ထိပ်ကနေ ရင်သပ်ရှုမောစရာမြင်ကွင်းကြီးနဲ့ အပန်းဖြေလို့ရတယ်… ဖျော်ဖြေမှုဆန်တဲ့ Dalat Train ခရီးတိုလေးစီးလို့ရတယ်… အစရှိသဖြင့် ဓါတ်ပုံရိုက်မဝ၊ Video ရိုက်မဝတဲ့ Trip လေးကို ဒါလတ်မှာ ရနိုင်ပါတယ်…
Admin ဗီယက်နမ်ရောက်တိုင်း ဗီယက်နမ်လူမျိုးတွေကို သူတို့အကြိုက်ဆုံး အလည်ပတ်ချင်ဆုံးနေရာတွေကို မေးကြည့်ဖြစ်ပါတယ်… သူတို့အဖြေများတာက ဒီ Dalat မြို့ပါဘဲ…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.