စက်ကိရိယာမပါဘဲ လူလုပ်အားသက်သက်နဲ့တူးခဲ့တဲ့ အံ့မခန်းဥမင်လှိုဏ်ခေါင်းကွန်ယက်ကြီး… အရမ်းနက်ရှိုင်းခဲ့တယ်… မိုင်ရာချီကျယ်ပြန့်ခဲ့တယ်… ဗီယက်နမ်စစ်ကာလမှာ ဒီမြေအောက်ဥမင်တွေက မြေအောက်မြို့ငယ်တခုလိုပါဘဲ…
စက်ကိရိယာမပါဘဲ လူလုပ်အားသက်သက်နဲ့တူးခဲ့တဲ့ အံ့မခန်းဥမင်လှိုဏ်ခေါင်းကွန်ယက်ကြီး… အရမ်းနက်ရှိုင်းခဲ့တယ်… မိုင်ရာချီကျယ်ပြန့်ခဲ့တယ်… ဗီယက်နမ်စစ်ကာလမှာ ဒီမြေအောက်ဥမင်တွေက မြေအောက်မြို့ငယ်တခုလိုပါဘဲ…
By Frank
Last Updated June 11, 2026
ဗီယက်နမ်စစ်ပွဲတွေရဲ့လက်ကျန်ဖြစ်တဲ့ ကူချီဥမင်တွေက ဗီယက်နမ်ကိုအလည်သွားသူတွေအတွက် မလည်မဖြစ် လည်ပတ်လေ့လာသင့်မယ့် နေရာတစ်ခုပါ… ဒီဥမင်တွေကို နေ့ဝက်လောက်အလည်သွားတာက ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ နာမည်ကျော်စစ်အေးတိုက်ပွဲကာလရဲ့ အရေးပါဆုံး သမိုင်းတစ်ခုကို သေချာလေ့လာသလိုလည်း ဖြစ်ပါတယ်…
ကူချီဥမင်တွေက ဟိုချီမင်းမြို့နဲ့ဆို ကီလိုမီတာ ၅၀ အကွာလောက်မှာဘဲရှိလို့ သွားလာရလွယ်ကူပါတယ်… ဟိုချီမင်းမြို့ကနေ ကားနဲ့သွားရင် ဗီယက်နမ်တောင်ပိုင်းရဲ့ ကျေးလက်မြင်ကွင်းတွေကို ခံစားရမှာပါ…
ကူချီဥမင်တွေရဲ့အစ
ကူချီဥမင်တွေရဲ့ သမိုင်းက ၁၉၄၀ ပြည့်နှစ်တွေမှာ စပါတယ်… အဲ့ဒီကာလမှာ Viet Minh လို့ခေါ်ကြတဲ့ ဗီယက်နမ်ပြောက်ကျားတွေက ဒုတိယကမ္ဘာစစ်ရဲ့ ဂျပန်တွေကို တိုက်ခိုက်နေကြတာပါ… ဒုတိယကမ္ဘာစစ်က ၁၉၄၅ မှာ ပြီးလို့ ဂျပန်တပ်တွေကို တိုက်ခိုက်တာက အဲ့ဒီနှစ်မှာ အဆုံးသတ်ပါတယ်…
ဒါပေမယ့် ကမ္ဘာစစ်အပြီးမှာ ဗီယက်နမ်ကိုအုပ်ချုပ်သူ ကိုလိုနီပြင်သစ်တွေကို အဲ့ဒီ Viet Minh တွေက လွတ်လပ်ရေးအတွက် ၁၉၄၆ ကနေ ၁၉၅၄ အထိ ထပ်ပြီးတိုက်ပါတယ်…
ရှည်လျားလှတဲ့ အဲ့ဒီစစ်ပွဲကာလတွေမှာ အဲ့ဒီ Viet Minh စစ်သားတွေနဲ့ ကူချီဒေသခံတွေက ဒီ ကူချီလှိုဏ်ခေါင်းတွေကို ပုန်းခိုဖို့ရယ်၊ လက်နက်နဲ့ စာရွက်စာတမ်းတွေကို သိုဝှက်ဖို့ရယ်အတွက် တူးခဲ့ကြတာပါ… အဲ့ဒီကာလမှာ တူးဆွဖို့အတွက် အခြေခံကျလွန်းတဲ့ကိရိယာလေးတောင်မှ မရရှိနိုင်တာမို့လို့ သူတို့တွေဟာ ဒီဥမင်ကို လက်တွေနဲ့သာတူးခဲ့ကြတာများပါတယ်… အဲ့ဒါကြောင့်မို့ ဒီတူးဆွမှုဟာ အရမ်းနှေးကွေးပြီး တနေ့တာမှာ အကွာအဝေးအနည်းငယ်လောက်သာ တူးနိုင်ပါတယ်…
အမေရိကန်စစ်ကာလရဲ့ ကူချီဥမင်
ပြင်သစ်တွေကိုတိုက်လို့အပြီးမှာ အမေရိကန်က ထောက်ပံ့နေတဲ့ တောင်ဗီယက်နမ်နဲ့ ကွန်မြူနစ်တရုတ်နဲ့ဆိုဗီယက်တို့က ကူညီနေတဲ့ မြောက်ဗီယက်နမ်တို့ တိုက်ခိုက်ကြတဲ့ ဗီယက်နမ်ပြည်တွင်းစစ် စပါတယ်… ဒီစစ်ကို ဗီယက်နမ်မှာ အမေရိကန်စစ်လို့လည်း ခေါ်ပါတယ်… ပြင်းထန်လွန်းတဲ့ ဒီစစ်က ၁၉၅၅ ကနေ ၁၉၇၅ အထိ နှစ်ပေါင်း ၂၀ လောက် ကြာရှည်ခဲ့ပါတယ်…
ဒီစစ်ပွဲကာလမှာ Viet Cong (အဲ့ဒီအချိန်မှာ ကွန်မြူနစ်ကိုထောက်ခံတဲ့ တောင်ဗီယက်နမ်အဖွဲ့) က ဒီကူချီဥမင်တွေကို ပိုနက်အောင်တူးပြီး အထဲမှာ အခန်းတွေပိုများအောင် လုပ်ခဲ့ကြပါတယ်… ဥမင်ကိုလည်း အရမ်းဝေးတဲ့ ဗီယက်နမ်-ကမ္ဘောဒီယားနယ်စပ်အထိကို တူးခဲ့ကြပါတယ်… သူတို့တူးလိုက်တဲ့ ဥမင်အရှည်က ၂၅၀ km (၁၅၅ မိုင်ကျော်ကျော်) လောက် ရှိပါတယ်… ဒါတွေက သူတို့ရဲ့ လက်ဖျားခါရလောက်တဲ့ သတ္တိ၊ ဇွဲ နဲ့ ဆောက်လုပ်ရေးအတတ်တွေကြောင့်ပါဘဲ…
အဲ့ဒီကာလမှာ ဗီယက်နမ်ရဲ့တခြားနေရာတွေလိုဘဲ ဒီကူချီဥမင်တွေကလည်း အမေရိကန်စစ်တပ်ရဲ့ဗုံးကြဲတဲ့ဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပါတယ်… အဲ့ဒီအတွက် အပျက်အစီးနဲ့သေကြေမှု အရမ်းများခဲ့ပါတယ်…
အဲ့ဒါကို ကာကွယ်ဖို့အတွက် Viet Cong တွေဟာ ဥမင်တွေကို မြေအောက်အနက် ပေ ၄၀ နီးပါးအထိ ပိုနက်အောင်တူးခဲ့ကြပါတယ်… အဲ့ဒီအနက်မှာ အခန်းအမျိုးမျိုးနဲ့ လမ်းသေးသေးလေးတွေကိုဖောက်ပြီး ပုန်းခိုနေထိုင်ခဲ့ကြပါတယ်…
ကူချီဥမင်တွေမှာ အရမ်းအံ့အားသင့်စရာက အရမ်းနက်တဲ့မြေအောက်အခန်းတွေမှာ လေရှူဖို့အတွက် အပေါက်တွေဖန်တီးထားတာရယ်နဲ့ ရေအတွက် မြေအောက်ရေတွင်းတွေကို တူးထားတာပါ… Viet Cong စစ်သားတွေနဲ့ ကူချီဒေသခံတွေပေါင်းပြီး လူဦးရေရာပေါင်းများစွာ ကာလကြာရှည်ပုန်းခိုနေထိုင်ခဲ့ကြတဲ့ ဒီကူချီဥမင်တွေက အဲ့ဒီအချိန်မှာ ‘မြေအောက်မြို့’ တစ်မြို့အလားပါဘဲ…
စစ်ပွဲကာလမှာ ဒီဥမင်တွေရဲ့ဝန်းကျင်မှာ ထောင်ချောက်တွေဆင်ပြီး ရန်သူတွေ ဥမင်တွေထဲရောက်မလာအောင် ကာကွယ်ခဲ့ကြပါတယ်… အဲ့ဒီအချိန်က ဖုံးလွှမ်းနေတဲ့ ထူထပ်တဲ့တောကြီးတွေကလည်း ဥမင်တွေကိုသွားမယ့်လမ်းတွေကို ကာဆီးထားသလို ဖြစ်နေပါတယ်…
အခုခေတ်ရဲ့ ကူချီဥမင်တွေ
ဒီနေ့ခေတ်မှာတော့ အဲ့ဒီထောင်ချောက်တွေ ရှိမနေတော့ပါဘူး… ဒါပေမယ့် စိမ်းစိုနေတဲ့ အဲ့ဒီတောအုပ်ကိုတော့ ထိန်းသိမ်းထားပါတယ်… ဥမင်လှိုက်ခေါင်းတွေရဲ့ဝန်းကျင်မှာ စစ်တုန်းကလက်ကျန်အရာဝတ္ထုတွေနဲ့ စစ်သုံးယာဥ်လက်ကျန်အဟောင်းတွေကို ပြသထားပါတယ်… စိတ်ဝင်စားစရာတွေချည်းပါဘဲ…
ဗီယက်နမ်ရဲ့အရေးပါတဲ့ သမိုင်းတကွက်ဖြစ်သလို ဒုတိယကမ္ဘာစစ်အလွန်က စစ်အေးခေတ်ကာလရဲ့သရုပ်တွေမို့ ကူချီဥမင်လှိုဏ်ခေါင်းတွေက ဗီယက်နမ်ရဲ့ Top Highlight တွေထဲက တစ်ခုဖြစ်ပြီး လည်ပတ်လေ့လာလို့ အရမ်းတန်လွန်းတဲ့နေရာလည်းဖြစ်ပါတယ်…
သမိုင်းနဲ့ယဥ်ကျေးမှုတွေကို စိတ်ဝင်စားပြီး လေ့လာသမျှတွေကို ကိုယ့်ရဲ့မိတ်ဆွေပရိသတ်တွေကို မျှဝေတာဟာ MIC ရဲ့ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ရခြင်း ရည်ရွယ်ချက်တွေထဲက တစ်ခုပါ… ကမ္ဘာပေါ်က နေရာတွေနဲ့ လူ့အဖွဲ့အစည်းအသီးသီးမှာ စိတ်ဝင်စားစရာကောင်းတဲ့ ယဥ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ သမိုင်းတွေနဲ့ ဖြစ်ရပ်အမျိုးမျိုးတွေရှိကြပါတယ်… ဒီလို Intellectual ဆန်တဲ့ အရာတွေကို ကိုယ်နဲ့ခရီးသွားတဲ့သူတိုင်းကို ကိုယ်တတ်နိုင်တဲ့ရှုထောင့်ကနေ ဖော်ပြမျှဝေခြင်းက MIC ရဲ့ ဖြစ်တည်မှုနဲ့တန်ဖိုးပါ…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.