Da Nang မှာ မခက်ခဲတဲ့တောင်တက်တာ၊ သဘာဝနေရာတခုကိုလည်တာ၊ ဗီယက်နမ်ရဲ့ဘာသာရေးသမိုင်းတစိတ်တပိုင်းကိုလေ့လာချင်တာဆိုရင် Marble Mountains က သွားသင့်တဲ့နေရာတခုပါ…
By Frank
Last Updated June 8, 2026
ဒါနန်းမြို့အပြင်ဘက်နားလေးက Marble Mountains တွေက ဗီယက်နမ်အလယ်ပိုင်းကို လည်ပတ်သူတွေ အသွားများ အကြိုက်များပါတယ်…
Marble Mountains တွေက တောင် ၅ လုံးရှိပြီး အဲ့ဒီတောင်တွေက တခုနဲ့တခု ခပ်လှမ်းလှမ်းစီခြားနေကြပါတယ်… တဆက်တစပ်တည်း မဟုတ်ပါဘူး…
အလည်သွားသူတွေက အဲ့ဒီတောင် ၅ လုံးထဲက အကြီးဆုံးတောင်ကိုဘဲ လည်ကြတက်ကြတာပါ… တောင်အတက်ရော အဆင်းရောက လှေကားထစ်အကျယ်ကြီးတွေတွေနဲ့မို့ တက်ရတာ လွယ်ကူပါတယ်… မောတာကတော့ ကိုယ့်ရဲ့သက်လုံအလိုက် ကွာခြားပါတယ်… မတရား မခံမရပ်နိုင်လောက်အောင်တော့ မမောပါဘူး…
တောင်ပေါ်ရောက်တဲအခါမြင်ရတဲ့ ကျောက်ခက်ကျောက်စွယ်တွေနဲ့ အပေါ်ကအပေါက်တွေကနေထိုးဆင်းနေတဲ့ နေရောင်ခြည်တန်းတွေနဲ့လှပနေတဲ့ လှိုဏ်ဂူတွေ၊ ဗီယက်နမ်ဟန်နဲ့ဘုရားတွေ၊ တောင်ထိပ်ဖျားကနေမြင်ရတဲ့ မြင်ကွင်းကျယ်အလှတွေက အမောပြေဆုလာဒ်တွေပါဘဲ… အဲ့ဒီနေရာတွေကလည်း လှရုံတင်မက စိတ်ဝင်စားစရာပါ…
ဒဏ္ဍာရီတွေနဲ့ Marble Mountains
ဒဏ္ဍာရီတခုရဲ့အဆိုအရ ဒီတောင်တွေဟာ ပင်လယ်ထဲကနဂါးရဲ့ဥကကွဲပြီး ဒီထုံးကျောက်တောင်တွေ ဖြစ်ပေါ်လာတာလို့ဆိုပါတယ်… ရှေးအတိတ်ကလူတွေက ဒီတောင်တွေဟာ ပင်လယ်ပြင်ကနေ ပေါ်ပေါက်လာတယ်လို့ ယူဆကြပုံရပါတယ်…
ဘူမိဗေဒအရတော့ ဒီတောင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက အောက်ခံမြေလွှာနဲ့ကျောက်လွှာတွေရဲ့တွန်းအားကြောင့် ခုံးထလာတာလို့ဆိုပါတယ်… အဲ့ဒီကာလမှာက အခုဒါနန်းမြို့တည်ရှိတဲ့ ကွမ်နမ်နယ် (Quang Nam) တခုလုံးက ပစိစိတ်သမုဒ္ဒရာအောက်မှာ ရှိနေခဲ့ပြီး တစစခုံးထလာတဲ့ ဒီတောင် ၅ လုံးက ကျွန်းတွေအနေနဲ့ ရှိနေခဲ့ပါတယ်…
နောက်ဒဏ္ဍာရီတခုက တရုတ်ပြည်ရဲ့နာမည်ကြီးမျောက်ဘုရင် ‘စွန်းဝူခုံံး’ ဒဏ္ဍာရီနဲ့နဲ့ ဆက်စပ်နေပါတယ်… လူသိများတဲ့ ‘Journey To The West’ ဇာတ်လမ်းမှာ နတ်ပြည်ကိုဒုက္ခပေးပြီး ဘုရားကိုပါ စိန်ခေါ်တဲ့ စွန်းဝူခုံးဟာ ဘုရားနဲ့ပညာပြိုင်မိတာမှာ ရှုံးနိမ့်ပြီး အပြစ်ပေးခံရတာကို ရုပ်သံဇာတ်လမ်းတွေနဲ့ YouTube ပေါ်မှာ ကြည့်ဖူးကြမှာပါ…
ဘုရားရဲ့လက်ထဲမှာပျံသန်းပြီး မလေးမစားမလျော်မကန်ပြုမူတဲ့ စွန်းဝူခုံးတယောက် ဘုရားကလက်ကိုမှောက်ချလိုက်တဲ့အခါ နတ်ပြည်ကနေမြေပြင်ပေါ်အရုတ်ကျိုးပြတ်ကျဆင်းလာပါတယ်… တဆက်တစပ်တည်းမှာ သူ့ရဲ့အပေါ်ကနေ ဘုရားရဲ့လက်ချောင်းတော် ၅ ချောင်းက ဧရာမကျောက်တုံးကြီးတွေအနေနဲ့ လိုက်ကျဆင်းလာပါတယ်…
အဲ့ဒီကျောက်တုံးကြီးတွေက မြေပြင်ပေါ်ရောက်တဲ့အခါ ကျောက်တောင်ကြီး ၅ တောင်ဖြစ်သွားပြီး အဲ့ဒီအထဲက အကြီးဆုံးတောင်က စွန်းဝူခုံးကိုသူ့ရဲ့ပြစ်ဒဏ်အတွက်ပိပြီး သူ့ရဲ့အကျဥ်းထောင်လို ဖြစ်နေခဲ့ပါတယ်… စွန်းဝူခုံးဟာအဲ့ဒီပြစ်ဒဏ်ကို နှစ်ပေါင်း ၅၀၀ ခံယူခဲ့ရပါတယ်…
ဒီဒဏ္ဍာရီရဲ့ အဲ့ဒီကျောက်တောင်ကြီး ၅ တောင်က အခုဒီ Marble Mountains တွေကို ရည်ညွှန်းပါတယ်… ဒီဒဏ္ဍာရီမှာတော့ ပင်လယ်နဲ့မဆက်စပ်ဘဲ ရှေးခေတ်တရုတ်ပြည်နဲ့ ရှေးခေတ်ဗီယက်နမ်ရဲ့ နယ်မြေဆက်စပ်တာမျိုးကို တွေ့နိုင်ပါတယ်…
ပျံ့ပြူးနေတဲ့မြေပြင်ပြန့်ပြန့်မှာ ထင်ထင်ရှားရှားကြီး မတ်စောက်ချွန်ထွက်နေတဲ့ ဒီတောင် ၅ တောင်ကို မြင့်မြတ်တဲ့နေရာအဖြစ်ယူဆပြီး ဘုရားရဲ့တိုက်ရိုက်ဆက်စပ်ထားတာက စိတ်ဝင်စားစရာပါ… ဗျာဒိတ်အယူအဆမဟုတ်တဲ့ ဆက်စပ်ခြင်းတမျိုးပါ… သေချာထပ်လေ့လာရင် ထပ်သိစရာတွေရှိကောင်းရှိနိုင်ပါတယ်…
Marble Mountains ရဲ့ Highlight နေရာတွေ
Marble Mountains ရဲ့ တောင် ၅ လုံးမှာ အကြီးဆုံးတောင်ဖြစ်တဲ့ Thuy Son (Water Mountain) ကဘဲ အဓိကလည်ပတ်စရာနေရာပါ…
အဲ့ဒီတောင်မှာ လှိုဏ်ဂူတွေရှိပြီး အဲ့ဒီလှိုဏ်ဂူတွေမှာ Huyen Khong ဆိုတဲ့လှိုဏ်ဂူက အကြီးဆုံးနဲ့ မလည်မဖြစ်လည်ရမယ့်နေရာပါ… အဲ့ဒီလှိုဏ်ဂူရဲ့မျက်နှာကြက်နေရာမှာ ကြီးမားတဲ့အပေါက်ကြီးဖြစ်နေပြီး အဲ့ဒီကနေ တဖြောင့်တည်းစိုက်ဆင်းနေတဲ့ နေရောင်အလင်းတန်းကြောင့် ဂူအထဲမှာ မှော်ဆန်ဆန်လှပနေပါတယ်…
ဒီလှိုဏ်ဂူဟာ ဗီယက်နမ်စစ်ကာလ (1955-75) အတွင်းမှာ ကွန်မြူနစ်မြောက်ဗီယက်နမ်တပ်သားတွေရဲ့ လျှို့ဝှက်စခန်းနဲ့ လျှို့ဝှက်စစ်ဆေးရုံဖြစ်ခဲ့ပါတယ်… အခုအခါမှာတော့ ဒီလှိုဏ်ဂူထဲမှာ ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူ၊ တရုတ်ဆန်တဲ့ နတ်ရုပ်ထုတချို့နဲ့ ဘာသာရေးအဆောက်အအုံငယ်တချို့ကို တွေ့မြင်လေ့လာနိုင်ပါတယ်…
တောင်ပေါ်မှာ Huyen Khong လှိုဏ်ဂူသာမက တခြားလှိုဏ်ဂူတချို့နဲ့ လေ့လာစရာ ဗီယက်နမ်ဒီဇိုင်းနဲ့ဘုရားတချို့လည်းရှိပါတယ်… လေတိုးလှပြီး အရိပ်အာဝါသကောင်းလှတဲ့ တောင်ထိပ်ဝန်းကျင်က အေးမြပြီး ထိုင်လို့ အမောဖြေလို့ ကောင်းပါတယ်…
တောင်ခြေမှာရှိတဲ့ An Phu Cave ကလည်း လည်ပတ်သင့်တဲ့ လှိုဏ်ဂူတခုပါ… ကျယ်ဝန်းပြီး အတော်နက်နက်အထိဝင်လို့ရတဲ့ ဒီလှိုဏ်ဂူမှာ ငရဲပြည်ကို သရုပ်ဖော်ထားတဲ့ ရုပ်ထုတချို့ရှိပါတယ်…
Marble Mountains က ဗီယက်နမ်အလယ်ပိုင်းကို အလည်လာသူတွေရဲ့ခရီးစဥ်တွေထဲ ပါလေ့ရှိပါတယ်… လှပပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဒီနေရာက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ နေ့စဥ်လိုလိုစည်ကားနေတတ်ပါတယ်… လည်ပတ်မယ်ဆို ဝင်ခွင့်လက်မှတ်ဝယ်ရပါတယ်… ဓါတ်လှေကားအတွက်နဲ့ An Phu Cave အတွက်က သီးသန့်ထပ်ဝယ်ရပါတယ်…
ဗီယက်နမ်တနိုင်လုံး (ဒါမှမဟုတ်) ဗီယက်နမ်အလယ်ပိုင်းသီးသန့် (ဒါမှမဟုတ်) မြောက်ပိုင်းသီးသန့် (ဒါမှမဟုတ်) တောင်ဘက်အစွန်ကမ်းလွန်က Phu Quoc ကျွန်းသီးသန့် စတဲ့ဗီယက်နမ်ခရီးစဥ်အမျိုးမျိုးအတွက် MIC ဆီမှာ စုံစမ်းနိုင်ပါတယ်… မိတ်ဆွေတို့အတွက် သီးသန့်ကိုယ်ပိုင် (customised) ခရီးစဥ်အမျိုးမျိုးကို အစကနေအဆုံးထိ အမှားအယွင်းမရှိ တိတိကျကျ အချိန်နဲ့ငွေကုန်ကျမှုအကျစ်လျစ်ဆုံး MIC က စီစဥ်ပေးပါတယ်…
နယ်မြေ၊ ဘာသာစကား၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပြီး တိကျမှန်ကန်တဲ့ MIC က မိတ်ဆွေတို့ရဲ့ ရေရှည်ခရီးသွားလက်တွဲဖော်ဖြစ်ဖို့ အမြဲရည်ရွယ်လုပ်ဆောင်ပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.