ဗီယက်နမ်အလယ်ပိုင်းဒေသကို လည်ပတ်ရင် ဘယ်တွေလည်မလဲ… ဘာတွေလုပ်မလဲ…
July 8, 2026 | Amy
ဗီယက်နမ်အလယ်ပိုင်းက ဗီယက်နမ်ခရီးစဥ်တွေရဲ့မပါမဖြစ် highlight တခုပါ… ဗီယက်နမ်ရဲ့လူသိအများဆုံးဖြစ်တဲ့ လက်ဖဝါးထဲကတံတားကြီး (Golden Bridge) က ဒီအလယ်ပိုင်းမှာရှိတာပါ… နာမည်ကျော် My Khe ကမ်းခြေကလည်း ဒီဒေသမှာပါ… Social media ပေါ်မှာအတွေ့များလှတဲ့ Basket boat စီးတာလည်း ဒီဒေသမှာပါ… ဗီယက်နမ်ရဲ့နောက်ဆုံးနေပြည်တော်မြို့ကလည်း ဒီဒေသမှာပါ… ဒီဒေသကိုဘဲ သီးသန့်လည်မယ်ဆိုရင် ၂ညအိပ်-၃ရက် ခရီးတိုလေးကစပြီး ၆ညအိပ်-၇ရက်ခရီးစဥ်မျိုးအထိ လည်ပတ်စရာတွေစုံလင်တဲ့ ဗီယက်နမ်အလယ်ပိုင်းရဲ့ Top Highlight တွေကို ကြည့်လိုက်ကြရအောင်…
ဒါနန်းမြို့ (Da Nang)
ဒါနန်းမြို့က ပင်လယ်ကမ်းခြေ၊ ပင်လယ်စာ၊ သဘာဝအလှ၊ စည်ကားပေမယ့်ရှုပ်ထွေးမနေတဲ့ ခေတ်သစ်မြို့ပြအရသာ စတာတွေနဲ့ ရောသမွှေတဲ့မြို့ပါ… တမြို့လုံးအနှံ့က ပုံစံဒီဇိုင်းအမျိုးမျိုးနဲ့ကဖေးတွေ၊ sightseeing နေရာတွေ၊ စျေးဝယ်လို့ ကောင်းမွန်တဲ့ဆိုင်တွေနဲ့ ဒီမြို့က ဗီယက်နမ်ကိုလာလည်သူတိုင်း လက်လွတ်ခံလို့မရတဲ့နေရာပါ…
Hoi An Old Town
ဟွေအန်းမြို့ဟောင်းက သမိုင်းဝင်အဆောက်အအုံပေါင်း ၁၁၀၀ ကျော်နဲ့ UNESCO ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်မြို့ပါ… ဝါကျင့်ကျင့်အရောင်ရှိတဲ့ ရှေးအဆောက်အအုံတွေ၊ မြို့ဟောင်းတခုလုံးအနှံ့က ရောင်စုံမီးပုံးလေးတွေ၊ ဖက်ရှင်တွေ အဝတ်အထည်တွေ သားရေဖိနပ်အမျိုးမျိုးတွေ အိပ်တွေ စတာတွေကိုရောင်းတဲ့ ရာပေါင်းများစွာသောဆိုင်တွေ၊ ညနေခင်း ထူဘွန်မြစ် (Thu Bon River) ထဲမှာ မီးပုံးတွေချိတ်ထားတဲ့လှေလေးတွေစီးတာတွေ စသဖြင့်တွေနဲ့ ဟွေအန်းမြို့ဟောင်းက ဗီယက်နမ်အလယ်ပိုင်းမှာမလည်မဖြစ် လည်ပတ်ရမယ့်နေရာတခုပါ…
Ba Na Hills
လူသိအရမ်းများတဲ့ Golden Bridge (လက်ဖဝါးရုပ်ကြီးတွေထဲက ရွှေရောင်တံတားကြီး) က Ba Na Hills တောင်ပေါ်မှာပါ… အမြင့်ပေ ၄၉၀၀ နီးပါးရှိတဲ့ ဒီတောင်ထိပ်မှာ အဲ့ဒီ Golden Bridge သာမက လည်ပတ်စရာတွေစုံလင်ပြီး ဥရောပဆန်တဲ့ French Village ကြီးကလည်း အံ့ဘနန်းအလှတပါးပါ… အဲ့ဒါတွေအပြင် တောင်တက်တောင်ဆင်းစီးရတဲ့ ခေတ်မှီ cable car ကလည်း အစအဆုံး ရှုမငြီးမြင်ကွင်းကိုပေးတာမို့ Ba Na Hills ကို လည်ဖူးသူတိုင်းက အကြိုက်တွေ့ပါတယ်…
Hai Van Gate
တောင်တရုတ်ပင်လယ်ရဲ့ရေပြင်ပြာကြီးဘေးက Hai Van Pass ရဲ့ လှပတဲ့တောင်တက်ကားလမ်း၊ တောင်ထိပ် Hai Van Gate ကနေ မြင်ရတဲ့ Lang Co ပင်လယ်ကွေ့အလှ၊ အဝေးက ဒါနန်းမြို့အလှ စတဲ့အလန်းစားရှုခင်းတွေ၊ Hai Van Gate ရဲ့ သမိုင်းကြောင်းတွေကြောင့်ဗီယက်နမ်အလယ်ပိုင်းကို လည်ပတ်တဲ့အခါမှာ ချန်လှပ်ထားလို့မရတဲ့အရာတွေပါ…
Hue (ဟွေးမြို့)
ဟွေးမြို့က ဗီယက်နမ်သမိုင်းမှာ အစဥ်အလာအကြီးဆုံးနဲ့ အရေးပါဆုံးနေရာတွေထဲကတခုပါ… ဒီမြို့ဟာ 1802 ကနေ 1945 အထိ နှစ်သက်တမ်း ၁၄၃ နှစ်ရှည်ကြာခဲ့တဲ့ ဗီယက်နမ်နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ငွေ့ယင်မင်းဆက် (Nguyen Dynasty) ရဲ့ အစကနေအဆုံး ထီးနန်းစိုက်ရာတော်ဝင်မြို့တော် ဖြစ်ခဲ့ပါတယ်… အရေးပါလှတဲ့ သမိုင်းလက်ကျန်အမွေအနှစ်အဆောက်အအုံတွေနဲ့ သမိုင်းတွေထုံမွှမ်းထားတဲ့ ဒီမြို့က သမိုင်းနဲ့ရှေးဗိသုကာတွေကို စိတ်ဝင်စားသူတိုင်းအတွက် အရေးကြီးသလို ခရီးသွားရင်း ဗဟုသုတတိုးတာကိုလိုချင်သူတွေတိုင်း လည်ပတ်သင့်တဲ့နေရာပါ…
Cham Islands
ဒီကျွန်းတွေရဲ့ ငြိမ်းချမ်းတဲ့သဘာဝအလှတရားတွေက ဗီယက်နမ်မှာ နာမည်ကြီးပါတယ်… ကျွန်းကိုသွားတဲ့ မိနစ် ၂၀ လောက်ဘဲစီးရတဲ့ speedboat အရသာ၊ ကျွန်းရဲ့စိမ်းလန်းတဲ့အလှ၊ ကြည်လင်နေတဲ့ ပင်လယ်ရေထဲမှာ snorkeling နဲ့ sea-walking အစရှိတဲ့ အတွေ့အကြုံတွေ၊ နေ့လည်ခင်း ကျွန်းပေါ်မှာ အေးအေးချမ်းချမ်းအနားယူတာတွေ စတာတွေနဲ့ Cham Islands တနေ့တာခရီးစဥ်က ဗီယက်နမ်အလယ်ပိုင်းရဲ့ Highlight တခုပါ…
VinWonders
ဟွေအန်းမြို့နားက Vinwonders က ပျော်စရာတွေစုံလင်တဲ့ Theme Park ကြီးပါ… သူ့ရဲ့ ပျော်ရွှင်စရာအမျိုးစုံတဲ့ Water World နဲ့ တခြားအမျိုးမျိုးသော Activity တွေက Sightseeing တွေချည်းလုပ်ထားတဲ့ခရီးသွားတွေရဲ့စိတ်ကို တနည်းတဖုံ ရွှင်လန်းပျော်ရွှင်စေပါတယ်… အဲ့ဒီအပြင် သူ့ရဲ့ထူးခြားတဲ့ River Safari က ဗီယက်နမ်တနိုင်ငံလုံးမှာ ဒီတခုဘဲ ရှိတာပါ…
Marble Mountains
လူငယ်နဲ့ လူလတ်ပိုင်းတွေအကြိုက်တွေ့တဲ့ Marble Mountains က တောင်ထိပ်မှာရှိတဲ့ကျောက်လှိုဏ်ဂူတွေ၊ ဗီယက်နမ်ဟန်နဲ့ဘုရားတွေ၊ တောင်ထိပ်ကနေမြင်ရတဲ့ ပတ်ဝန်းကျင်လွင်ပြင်နဲ့ ပင်လယ်ကမ်းခြေတို့ရဲ့မြင်ကွင်းတွေနဲ့ နာမည်ကြီးပါတယ်…
ဗီယက်နမ်အလယ်ပိုင်းမှာ အခြားသော နောက်ထပ်လည်ပတ်စရာတွေ လုပ်စရာတွေ တပုံတပင်ရှိပါသေးတယ်… ဗီယက်နမ်တနိုင်ငံလုံးကိုဖြစ်ဖြစ် (ဒါမှမဟုတ်) ဗီယက်နမ်အလယ်ပိုင်းကိုဘဲသီးသန့်ဖြစ်ဖြစ် လည်ပတ်ဖို့ခရီးစဥ်စီစဥ်တဲ့အခါ ရာသီဥတုအခြေအနေတွေ၊ မဖြစ်မနေလည်ပတ်ရမယ့်နေရာတွေ၊ ကိုယ့်စိတ်ကြိုက်လည်ပတ်ချင်တာတွေနဲ့ အခြားအခြားသော လိုအပ်တဲ့ သိမှတ်စရာတွေ၊ ပြင်ဆင်စရာတွေကို စနစ်တကျသိဖို့၊ ပြင်ဆင်ဖို့ လိုအပ်ပါတယ်… ခရီးသွားလုပ်ငန်းမှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ MIC ရဲ့ Team က လူကြီးမင်းတို့ လိုအပ်တဲ့ အဲ့ဒီအချက်တွေကို အချိန်နဲ့ငွေ အကုန်ကျကျစ်လျစ်သက်သာစွာနဲ့ တိတိကျကျ ချောချောမွေ့မွေ့ စီစဥ်ပေးပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.