Luang Prabang

UNESCO မြို့... သာယာတဲ့အလှ... လင်းဇင်းသမိုင်း... ပြင်သစ်ကိုလိုနီခေတ်ဗိသုကာနဲ့လာအိုရိုးရာဟန်ပန်... မဲ​ခေါင်မြစ်... စတာ​တွေနဲ့ လွမ်ပရာဘမ်က လာအိုရဲ့ အ​ကျော်ကြားဆုံး​မြို့တမြို့ပါ...

By Amy. Last Updated: June 12, 2026

Peaceful Buddhist monastery in Luang Prabang, a must-visit stop on Laos cultural and spiritual tours

လာအို (Laos) ရဲ့မြေပြန့်လွင်ပြင်မှာရှိတဲ့ မြို့တော်ဗီယန်ကျင်းမြို့ (Vientiane) ကနေ မနက် ၈ နာရီ ၈ မိနစ်မှာထွက်လာတဲ့ ကျည်ဆန်ရထား (Bullet train) ဟာ တောတောင်အထပ်ထပ်နဲ့ ဥမင်လှိုဏ်ခေါင်းရှည်အများကြီးကို ဖြတ်သန်းပြီးတဲ့နောက် မနက် ၉:၅၃ မှာ တောင်ပေါ်ဒေသရဲ့မြို့ဖြစ်တဲ့ လွမ်ပရာဘမ်ကို ဆိုက်ရောက်ပါတယ်…

၂၀၂၁၊ ဒီဇင်ဘာလကမှ ဖွင့်လှစ်တဲ့ ဒီကျည်ဆန်ရထားက လာအိုရဲ့မျက်နှာစာအသစ်ပါ… အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့ တစ်ခုတည်းသော ကျည်ဆန်ရထားဆိုတာရယ်၊ သူ့ရဲ့အမြန်နှုန်းနဲ့ ခေတ်မှီသစ်လွင်လတ်ဆတ်မှုရယ်က လာအိုရဲ့ Highlight တွေထဲကတစ်ခုဖြစ်နေပါတယ်…

The Laos-China Railway (LCR) bullet train stopping at Luang Prabang Station — a fast and scenic way to explore Laos
ခေတ်သစ်လာအိုရဲ့ ကျည်ဆန်ရထား...

လွမ်ပရာဘမ်ဘူတာမှာ ရထားက ၄ မိနစ်သာရပ်ပါတယ်… ပြီးရင် ဒီရထားက တရုတ်ပြည်နယ်စပ်အထိ ထပ်သွားမှာပါ… လွမ်ပရာဘမ်ဘူတာမှာ ရထားရပ်ချိန်အတွင်း ရထားပေါ်မှာပါလာတဲ့ တိုးရစ် (Tourist) တွေ အကုန်လုံးလောက်ကို ဆင်းကြပါတယ်… သူတို့အားလုံးက လွမ်ပရာဘမ်ကို အလည်လာကြတာပါဘဲ… ရထားဘူတာမှာတော့ လာအိုလူမျိုးတွေ၊ အာရှတိုက်နဲ့ နိုင်ငံတကာက တိုးရစ်တွေနဲ့ ဖွေးဖွေးလှုပ်နေပါတယ်… ဒါကဒီဘူတာမှာ ဗီယန်ကျင်းမြို့ကလာတဲ့ ရထားရောက်ချိန်တိုင်း တွေ့ရတဲ့မြင်ကွင်းတစ်ခုပါ…

လွမ်ပရာဘမ်ဆိုတာ...

လွမ်ပရာဘမ်မြို့ဆိုတာ လာအိုမှာ တောင်ပေါ်ဒေသရဲ့မြို့… UNESCO World Heritage စာရင်းဝင်… လာအိုရဲ့ရှေးဦးသမိုင်းထဲက လင်းဇင်းနိုင်ငံတော်ရဲ့မြို့တော်… ပြင်သစ်ကိုလိုနီခေတ်မှာ ပြင်သစ်တွေရဲ့ တောင်ပေါ်စခန်းမြို့… အခုခေတ်မှာ သမိုင်းတွေနဲ့ ခေတ်ဟောင်းထဲကမြို့လေးကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခံစားနိုင်တဲ့မြို့… ပြီးတော့ ဒီမြို့လေးက အရမ်းသာယာတဲ့ မဲခေါင်မြင်ကမ်းပေါ်မှာ ရှိတယ်…

လွမ်ပရာဘမ်မြို့ဟာ 1353 ခုနှစ်ကနေ 1560 ကျော်အထိ နှစ်ပေါင်း ၂၀၀ ကျော် လင်းဇင်းပြည်ရဲ့မြို့တော်ဖြစ်ခဲ့တာပါ… လင်းဇင်းပြည်ဆိုတာက ရှေးခေတ်ရဲ့ မဟာအင်အားကြီး ခမာအင်ပါယာကနေ ခွဲထွက်တည်ထောင်တဲ့ ရှေးနိုင်ငံတော်တစ်ခုပါ…

ရှေးတချိန်က ကမ္ဘာရဲ့အရှေ့နဲ့အနောက်ကို ချိတ်ဆက်ပေးတဲ့ ကမ္ဘာကျော်ကုန်သွယ်ရေးပိုးလမ်းမ (the Silk Road) ရဲ့ အဆုံး/အစ လောက်မှာတည်ရှိတဲ့ လင်းဇင်းပြည်နဲ့မြို့တော်လွမ်ပရာဘမ်ဟာ အဲ့ဒီပိုးလမ်းမကုန်သွယ်ရေးထဲက အကျိုးအမြတ်တွေကြောင့် ကြွယ်ဝတဲ့ဌာနေတစ်ခုဖြစ်ခဲ့တယ်လို့ သမိုင်းပညာရှင်တွေကဆိုပါတယ်… ကမ္ဘာ့ကွန်ယက်ဆိုတာ ရှေးအတိတ်ကာလကတည်းကနေ အခုအထိရှိနေခဲ့တဲ့ သဘောတရားကြီးတစ်ခုပါဘဲ…

Colonial buildings in downtown Luang Prabang
ပြင်သစ်ဗိသုကာနဲ့ လာအိုရိုးရာဟန်​​တွေ​ပေါင်းထားတဲ့ ကိုလိုနီ​ခေတ်အ​ဆောက်အအုံ​တွေ

ဒီနေ့ခေတ်မှာ လွမ်ပရာဘမ်ရဲ့ ထူးခြားချက်က အဆောက်အအုံတွေပါဘဲ… တစ်မြို့လုံးမှာ လာအိုရိုးရာလက်ရာနဲ့ ပြင်သစ်ကိုလိုနီခေတ်ဗိသုကာဟန်ပန်တွေကို အချိုးညီညီပေါင်းစပ်ပြီး တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို လက်ညှိုးထိုးမလွဲတွေ့ရမှာပါ… အခုခေတ်မှာ ဆောက်တဲ့အိမ်တွေ၊ အဆောက်အအုံတွေကလည်း အဲ့ဒီလက်ရာတွေအတိုင်းဆောက်ရပါတယ်… အဲ့လိုနဲ့ တမြို့လုံးမှာ အဲ့ဒီဗိသုကာဟန်က အရမ်းလွှမ်းမိုးပြီး မြို့ကရှုမငြီးနိုင်အောင် သာယာလှပနေတော့တာပါ…

ဒီထူးခြားချက်ကြောင့် လွမ်ပရာဘမ်မြို့(Luang Prabang) ဟာ UNESCO ရဲ့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် (UNESCO World Heritage) စာရင်းဝင်တဲ့မြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ မလွတ်တမ်းလည်ပတ်ကြတဲ့မြို့လည်းဖြစ်ပါတယ်…

လွမ်ပရာဘမ်မှာ လည်ပတ်စရာတွေ...

ဒီမြို့မှာ လွမ်ပရာဘမ်အမျိုးသားပြတိုက်၊ ဖိုးစီတောင်၊ ဝပ်ရှင်းသောန်၊ Lao UXO Museum စတဲ့နေရာတွေက အရမ်းနာမည်ကြီးပါတယ်… မြို့ထဲက မဲခေါင်မြစ်ကမ်းနားက Cafe တွေကလည်း ငြိမ့်လို့အရမ်းမိုက်တဲ့နေရာတွေပါ…

Kuang Si Waterfalls near Luang Prabang, Laos – popular natural attraction for tourists and locals
ကွမ်စီ​ရေတံခွန်

မြို့အပြင်ဘက်က ကွမ်စီရေတံခွန်က လာအိုတင်မဟုတ်ဘဲ အရှေ့တောင်အာရှဒေသတစ်ခုလုံးရဲ့ အလှဆုံးရေတံခွန်တွေထဲကတစ်ခုဖြစ်ပါတယ်… ရေတံခွန်ဝန်းကျင်က တောတောင်တွေကလည်း ဒေသရဲ့အလှတစ်ခုပါဘဲ… လွန်ခဲ့တဲ့ နှစ် ၃၀-၄၀ မတိုင်ခင် ဟိုးဘက်အတိတ်တလျှောက်လုံးမှာ အဲ့ဒီသိပ်သည်းထူထပ်တဲ့ တောင်ပေါ်အမြဲစိမ်းတောကြီးတွေဟာ ဘယ်လောက်များတိတ်ဆိတ်ပြီး အရောက်အပေါက်နည်းတဲ့ဒေသဖြစ်ခဲ့မလဲဆိုတာ တွေးကြည့်စရာတစ်ခုပါ… ဒီနေရာတစ်ခုလုံးက အမြဲမပြတ်ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့ နှစ်ပေါင်းရာချီ ပြတ်တောက်ကင်းကွာနေခဲ့တာပါ…

Wooden boats on the Mekong River near Luang Prabang – popular spot for Laos boat tours
မဲ​ခေါင်မြစ်ရှုခင်း

အရမ်းလန်းတာတွေထဲကတစ်ခုက မဲခေါင်မြစ်တလျှောက်ရှုခင်းတွေခံစားရင်း မြစ်ရဲ့အထက်ဘက်နားက ပက္ကူလိုဏ်ဂူကိုသွားတဲ့ မြစ်ကြောင်းခရီးစဥ်ပါ… နောက်ထပ်တစ်ခုက မဲခေါင်မြစ်ပေါ်မှာ ညနေဆည်းဆာအလှကိုခံစားတာပါ…

ဒီမြို့မှာ ကမ္ဘာလှည့်ခရီးသည်တွေအရမ်းကြိုက်ကြတာတစ်ခုက မနက်စောစောဝေလီဝေလင်းမှာ ထေရဝါဒသံဃာတော်တွေကို ဆွမ်းလောင်းလှူတာကိုပါ… ဝါဝါဝင်းဝင်းသင်္ကန်းတွေကို ဆင်မြန်းထားပြီး တည်ငြိမ်တဲ့ဣန္ဒြေနဲ့ စီတန်းပြီးဆွမ်းခံနေကြတဲ့ ရဟန်းသံဃာတွေကို ဆွမ်းလောင်းလှူတာမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ကြပါတယ်…

Morning alms-giving ceremony, traditional Tak Bat ceremony in Luang Prabang, Laos
လွမ်ပရာဘမ်ရဲ့ မနက်ခင်းဓ​လေ့တခု

လွမ်ပရာဘမ်က လည်ပတ်လို့ကောင်းတယ်… ဆိတ်ငြိမ်တယ်… သာယာလှပတယ်… UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုလည်းဖြစ်တယ်… သမိုင်းရှိတယ်… ကိုယ်ပိုင်ဟန်နဲ့ဗိသုကာတွေရှိတယ်… အရှေ့တောင်အာရှမှာ လည်ပတ်ဖို့အတွက် အကောင်းဆုံးနေရာတွေထဲကတစ်ခုပါဘဲ…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.