သေမင်းတမန်ရထားလမ်းသမိုင်း၊ လှပတဲ့ရှုခင်း၊ သဘာဝရဲ့တောတောင်တွေနဲ့ ကန်ချနာဘူရီက ထိုင်းနိုင်ငံရဲ့ အထင်ကရနေရာကြီးပါ…
July 4, 2026 | Frank
ကန်ချနာဘူရီ (Kanchanaburi) လို့ပြောရင် ကွေးကွေးမြစ်ကူးတံတား (the Bridge over the River Kwai) က မပါမဖြစ်ပါဘဲ… ဒါပေမယ့် ဒီဒေသမှာက အဲ့ဒီတံတားထက်ပိုတာတွေ အများကြီးရှိပါတယ်…
ကန်ချနာဘူရီခရိုင်က တောတောင်အားကောင်းတယ်… ရေတံခွန်တွေပေါတယ်… မြစ်တွေနဲ့လှပတယ်… သိမ်မွေ့နေတယ်…
ကန်ချနာဘူရီမြို့ကတော့ နယ်မြို့လေးဆန်ပါတယ်… ဒီဒေသရဲ့ တည်နေရာက ထိုင်းနိုင်ငံအနောက်ခြမ်း… တနင်္သာရီတောင်တန်းတွေရဲ့အခြေ… ဘန်ကောက်နဲ့ဆို ၂ နာရီကျော်ကျော်အကွာအဝေး…
လည်ပတ်မယ်ဆို ကန်ချနာဘူရီမှာက လှပပြီးသာယာတဲ့နေရာတွေမနည်းဘူး… စိတ်ဝင်စားစရာနေရာတွေလည်းများတယ်… ဒီဒေသနဲ့ပတ်သက်ပြီး အဓိကလူသိများတာကတော့ ဒုတိယကမ္ဘာစစ်ရဲ့သေမင်းတမန်ရထားလမ်း (the Death Railway) နဲ့ ဒုတိယကမ္ဘာစစ်သမိုင်းတွေပါ…
ကဲ… ကန်ချနာဘူရီရဲ့ Top Highlight တချို့ကို ကြည့်လိုက်ကြရအောင်…
ကွေးမြစ်ကူးတံတား (Bridge on the River Kwai)
အနောက်တိုင်းသားတွေကြားမှာတော့ 1957 ခုနှစ်ကထုတ်လွှင့်တဲ့ The Bridge on the River Kwai ရုပ်ရှင်ကြောင့် ဒီကွေးမြစ်ကူးမီးရထားတံတားက အရမ်းနာမည်ကြီးပါတယ်… ဒုတိယကမ္ဘာစစ်အတွင်းမှာ ချွေးတပ်သားတွေရဲ့လုပ်အားနဲ့ တည်ဆောက်ခဲ့တဲ့ ဒီတံတားက စစ်အတွင်းဂျပန်တို့ရဲ့လုပ်ရပ်နဲ့ ကြမ်းတမ်းလှတဲ့ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းလက်ကျန်တခုပါ… အခုခေတ်မှာတော့ ကွေးမြစ်ကူးမီးရထားတံတားကိုဖြတ်ပြီး မီးရထားစီးတာက မလုပ်မဖြစ်အရာတခုပါ… အဲ့ဒီလိုဘဲ တံတားရဲ့ ၁၉၄၀-ခုနှစ်တွေရဲ့ဒီဇိုင်းဖြစ်တဲ့ ထူထဲခိုင်ခံ့တဲ့သံဘောင်မည်းမည်းတွေက photo နဲ့ video တွေမှာ အရမ်းနာမည်ကျော်ကြားတဲ့နောက်ခံတွေဖြစ်လို့နေပါပြီ…
Kanchanaburi Allied War Cemetery
ကန်ချနာဘူရီရဲ့ မဟာမိတ်စစ်သင်္ချိုင်း (Don Rak) က သေမင်းတမန်ရထားလမ်းကိုဖောက်လုပ်ရာမှာ သေဆုံးခဲ့ရတဲ့ မဟာမိတ်စစ်သားတွေရဲ့ ထာဝရလဲလျောင်းရာနေရာပါ… မဟာမိတ်စစ်သား ၇,၀၀၀ နီးပါးရဲ့ နာမည်တွေနဲ့ ဒီနေရာက ကန်ချနာဘူရီကို လူသိများတဲ့အချက်တွေထဲပါပါတယ်…
JEATH War Museum
ဒီစစ်သမိုင်းပြတိုက်ရဲ့ အဓိကအကြောင်းအရာက သေမင်းတမန်ရထားလမ်း (the Death Railway) ရဲ့အကြောင်းပါ… ပြတိုက်ရဲ့နာမည်ဖြစ်တဲ့ JEATH က သေမင်းတမန်ရထားလမ်းဖောက်လုပ်ရာမှာ ပတ်သက်ခဲ့ ထိခိုက်ခဲ့ရတဲ့ နိုင်ငံတွေရဲ့နာမည်တွေဖြစ်တဲ့ Japan, England, America, Australia, Thailand နဲ့ Holland တို့ပါ… ပြတိုက်က အရမ်းမကြီးပေမယ့် ပြသထားတာတွေက အတော်စုံလင်လို့ လုံးဝကိုလည်ပတ်သင့်တဲ့နေရာတခုပါ…
Erawan National Park and Waterfalls
ဒီနေရာက စစ်သမိုင်းနဲ့မဆိုင်ပါဘူး… ရွက်ကြွေသစ်ပင်ကြီးတွေ ၈၀% လောက်ဖုံးလွှမ်းထားတဲ့ ဧရာဝဏ်အမျိုးသားဥယျာဥ်က ကန်ချနာဘူရီရဲ့အထင်ကရပါ… ပြီးတော့ တနေရာကိုတဆင့်နဲ့ အဆင့် ၇ ဆင့်ရှိတဲ့ ရေတံခွန်တွေကလည်း လှပတယ်… ကျောက်တောင်စောင်းတွေကနေ စီးလာတဲ့ အေးမြနေတဲ့ရေထဲမှာ ရေကူး ရေစိမ်လို့လည်း အရမ်းကောင်းတယ်… Erawan National Park က ကန်ချနာဘူရီကိုလည်ရင် လက်လွတ်မခံသင့်တဲ့နေရာပါဘဲ…
Wat Tham Suea (Tiger Cave Temple)
ဝပ်ထမ်စူဝါ ကို ဘာသာပြန်ရင် ကျားဂူဘုရားလို့ အဓိပ္ပါယ်ရပါတယ်… ဒီဘုရားက သပ္ပါယ်တယ်… အေးချမ်းတယ်… ဗိသုကာအရလှပတယ်… ဘုရားကိုသွားတဲ့လမ်းမှာ ထိုင်းရဲ့ countryside မြင်ကွင်းတွေကိုတွေ့ရတယ်… Wat Tham Suea က ကန်ချနာဘူရီရဲ့ Highlight တွေထဲကတခုပါ…
Skywalk
Kanchanaburi Skywalk က ကွေးမြစ် (Khwae Yai) ၊ မဲ့ကလောင်မြစ် (Mae Klong) နဲ့ ကွေးနွိုင်မြစ် (Khwae Noi) တို့ ဆုံတဲ့နေရာနားမှာရှိပြီး ရှုခင်းအရမ်းလှပပါတယ်… အဝေးကတောင်တန်းတွေ၊ ထိုင်းကျေးလက်ရှုခင်းတွေ၊ မြစ်ပြင်ရဲ့အလှတွေနဲ့ ဒီနေရာက ကန်ချနာဘူရီရဲ့အမှတ်တရနေရာပါဘဲ…
Hellfire Pass
ဒီနေရာက သမိုင်းကိုစိတ်ဝင်စားသူတိုင်း သွားကြည့်သင့်တဲ့နေရာပါ… 1942 ဒုတိယကမ္ဘာစစ်ကာလတုန်းက မြို့ရွာတွေနဲ့အလှမ်းဝေးတဲ့ အဲ့ဒီတောတောင်တွေထဲမှာ ဂျပန်တို့ရဲ့အရေးပေါ်ရထားလမ်းအတွက် ကျောက်တောင်ကြီးတွေကိုဖြတ်ဖို့ဖောက်ဖို့ ကိရိယာတွေမရှိဘဲ မလုံလောက်ဘဲ စစ်အကျဥ်းသားတွေဟာ ဖြစ်သမျှ ရှိသမျှနဲ့ ဖောက်လုပ်ခဲ့ကြရတယ်… မာကြောလှတဲ့ကျောက်တောင်ကြီးကို ပေ ၂၀၀ ကျော်ရှည်ပြီး ၇၅ ပေကျော်နက်အောင် ဘာမှမရှိဘဲ တူးဖြတ်ဖောက်ပြီး ရထားလမ်းဖောက်လုပ်ရတဲ့ ဂျပန်တွေရဲ့ ချွေးတပ်သားတွေရဲ့ဘဝတွေနဲ့ ဂျပန်တွေရဲ့ရက်စက်မှုက တကယ့်ကိုမယုံနိုင်စရာပါ… အခုတော့ အဲ့ဒီနေရာမှာ ရထားလမ်းရှိမနေတော့ပါဘူး… အဲ့ဒီအစား အလွန်တရာစိတ်ဝင်စားစရာကောင်းတဲ့ပြတိုက်တခုရှိနေလို့ သမိုင်းဗဟုသုတအလို့ငှာ လည်ပတ်သင့်တဲ့နေရာတခုဖြစ်နေပါတယ်…
ကန်ချနာဘူရီမှာ အခုပြောခဲ့တဲ့ Top Highlight တွေအပြင် အခြားသောလည်ပတ်စရာတွေ ရှိပါသေးတယ်… အနောက်တိုင်းသားခရီးသွားတွေကတော့ ကန်ချနာဘူရီကိုလည်ရင် ၄-၅ ရက်ဝန်းကျင် အချိန်ယူလည်ပတ်လေ့ရှိကြပါတယ်… တောင်တောင်အရိပ်နဲ့မဝေးဘဲ စိမ်းစိုလှပတဲ့ဒီဒေသမှာ chill လို့ကောင်းတယ်. Relax လုပ်လို့ကောင်းတယ်. အေးအေးလူလူလည်ပတ်ရင်း ဗဟုသုတရှာလို့ကောင်းပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.