July 16, 2026 Frank
ဗီယက်နမ်အလယ်ပိုင်းရဲ့ နာမည်ကျော်လည်ပတ်စရာတခုဖြစ်တဲ့ Hai Van Gate က သမိုင်းအမွေအနှစ်တခုပါ…
July 16, 2026 Frank
ဗီယက်နမ်အလယ်ပိုင်းရဲ့ နာမည်ကျော်လည်ပတ်စရာတခုဖြစ်တဲ့ Hai Van Gate က သမိုင်းအမွေအနှစ်တခုပါ…
Hai Van Gate လို့ ခေါ်သလို ဗီယက်နမ်စကားနဲ့ Hai Van Quan လို့လည်း ခေါ်ပါတယ်… ‘Hai = သမုဒ္ဒရာ/ပင်လယ်’၊ ‘Van = မိုးတိမ်’၊ ‘Quan = နယ်စပ်/ဂိတ်တံခါး’ လို့ အဓိပ္ပါယ်ရပါတယ်… အဲ့ဒီတော့ ‘သမုဒ္ဒရာမိုးတိမ်နယ်စပ်ဂိတ်’ လို့ အကြမ်းဖျဥ်း နားလည်နိုင်ပါတယ်… တကယ်မှာလည်း ပစိဖိတ်သမုဒ္ဒရာရဲ့ဘေး၊ တိမ်တွေကြားက ခံတပ်ဂိတ်မို့လို့ အမည်နဲ့လိုက်ဖက်ပါတယ်…
မိုးတွင်းနဲ့ဆောင်းတွင်းကာလတွေမှာတော့ တိမ်ခိုးတွေနဲ့ မြူတွေက Hai Van Gate ကို ရစ်သိုင်းလွှမ်းခြုံထားတတ်ပြီး ခြောက်သွေ့ရာသီမှာတော့ တိမ်တွေ၊ မြူတွေကိုမတွေ့ရဘဲ ကြည်လင်လှပတဲ့ ကောင်းကင်ပြာကြီးကိုတဝကြီး မြင်တွေ့ရမှာပါ…
သူတည်ရှိတဲ့နေရာက ဗီယက်နမ်အလယ်ပိုင်းမှာထင်ရှားတဲ့ Hai Van Pass (ဟိုင်ဗန်တောင်ကြောလမ်း) ရဲ့ ထိပ်၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၀၀ လောက်မှာပါ… Hai Van Gate က အမြင့်ဆုံးနေရာမှာရှိနေတာတော့ မဟုတ်ပါဘူး… သူ့ပတ်ဝန်းကျင်မှာ ပိုမြင့်တဲ့တောင်ထိပ်တွေရှိနေပါတယ်… ဒါပေမယ့် သူရှိနေတဲ့နေရာက အဲ့ဒီဝန်းကျင်မှာတော့ အတော့်ကိုမြင့်ပြီး ရှင်းလင်းအားကောင်းတဲ့မြင်ကွင်းကိုရပါတယ်…
Hai Van Gate ကနေကြည့်ရင် တောင်ကြောတခုလုံးကို စောင်ခြုံထားသလိုဖုံးအုပ်နေတဲ့တောစိမ်းစိမ်းကြီးရယ်၊ စိမ်းပြာလဲ့နေတဲ့တောင်တရုတ်ပင်လယ်ပြင်ရယ်၊ ဝေ့ဝိုက်နေတဲ့ကမ်းရိုးတန်းရဲ့တဖက်က ဒါနန်းမြို့ (Da Nang) ကို တဝကြီးမြင်ရပါတယ်… Hai Van Gate နာမည်ကြီးရတဲ့အကြောင်းရင်းထဲမှာ သိပ်လှတဲ့ အဲ့ဒီရှုခင်းတွေကြောင့်လည်းပါပါတယ်…
Hai Van Gate ရဲ့ သမိုင်း
ငွေ့ယင်ခေတ် (Nguyen Period)
Hai Van Gate လို့ ခေါ်ပေမယ့် တကယ်မှာတော့ သူက ခံတပ်ဟောင်းတခုဖြစ်ပါတယ်…
ဒီခံတပ်ကို ဗီယက်နမ်ရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ငွေ့ယင်မင်းဆက်ရဲ့ ဒုတိယမြောက်ဘုရင်မင်းမာန် (Minh Mang) ရဲ့လက်ထက် 1826 ခုနှစ်မှာတည်ဆောက်ခဲ့တာပါ… အခုဆိုရင် Hai Van Gate ရဲ့သက်တမ်းက နှစ် ၂၀၀ ရှိပါပြီ… ဒီနှစ်ပေါင်း ၂၀၀ အတွင်းမှာ ဖြစ်ပျက်ခဲတဲ့စစ်ပွဲတွေကြောင့် ဒီခံတပ်ကို အကြိမ်ကြိမ်ပြန်လည်တည်ဆောက်ခဲ့ ပြုပြင်ခဲ့ရပါတယ်…
ဒီ Hai Van Gate ရှိနေတဲ့နေရာက အဲ့ဒီခံတပ်ကို မတည်ဆောက်ခင် ရှေးနှစ်ရာပေါင်းများစွာကတည်းက အရေးပါတဲ့နယ်ခြားမျဥ်းတခုပါ… ငွေ့ယင်ခေတ်မတိုင်ခင်ကရှိခဲ့တဲ့ မြောက်ဘက်က Dai Viet နဲ့ တောင်ဘက်က Champa တို့ရဲ့ နယ်မြေပိုင်နက်တွေက ဒီနေရာမှာ ထိစပ်တာပါ… မြင့်မားမတ်စောက်ပြီး ဖြတ်သန်းဖို့ခက်ခဲခဲ့တဲ့ ဒီ Hai Van Gate နေရာက ရှေးအတိတ်မှာတော့ သဘာဝနယ်ခြားမျဥ်းဖြစ်ခဲ့ပါတယ်…
ပြီးတော့ Hai Van Gate သမိုင်းက ‘ဗီယက်နမ်’ ဆိုတဲ့နာမည်ပေါ်ပေါက်တဲ့ခေတ်နဲ့ တခေတ်တည်းပါ… ဒီခံတပ်ကိုတည်ဆောက်ဖို့ အမိန့်ပေးတဲ့ဘုရင်မင်းမာန်မတိုင်ခင် သူ့အဖေ ဘုရင်ဂီယာလောန် (Gia Long) က သူ့လက်ထက်မှာ နိုင်ငံနာမည်ကို ဗီယက်နမ် လို့ ပြောင်းလဲလိုက်ပါတယ်… ဘုရင် ဂီယာလောန်က ငွေ့ယင်ခေတ်ကိုတည်ထောင်တဲ့ဘုရင်ပါ…
သူ့သား ဘုရင်မင်းမာန်ကတော့ သူ့လက်ထက်မှာ နိုင်ငံကိုချဲ့ထွင်ပါတယ်… ပြီးတော့သူနေထိုင်တဲ့ ငွေ့ယင်ထီးနန်းစိုက်ရာ ဟွေးမြို့ (Hue) ကို ကာကွယ်ဖို့အတွက် ဒီ Hai Van Gate ကိုတည်ဆောက်ပါတယ်…
အဲ့ဒီအပြင် သူက Hai Van Gate မှာ အဝေးကြည့်မှန်ပြောင်း (Telescope) ကိုပါတပ်ဆင်ပြီး တောင်တရုတ်ပင်လယ်နဲ့ ပတ်ဝန်းကျင်တခွင်လုံးကို စောင့်ကြည့်ခိုင်းပါတယ်… အဲ့ဒီခေတ်ကာလ ဗီယက်နမ်မှာ တယ်လီစကုပ်က အရမ်းခေတ်မှီလွန်းတဲ့အရာဝတ္ထုပါ… မင်းမာန်က တယ်လီစကုပ်တွေကို အနောက်တိုင်းသားကုန်သည်တွေနဲ့ သံတမန်တွေဆီကနေ ရရှိတာပါ…
မြင့်မားတဲ့တောင်ထိပ်ပေါ်ကနေ အပေါ်စီးအနေအထား၊ ပတ်ဝန်းကျင်ကို တခြားသူတွေထက် ပိုမြင်နိုင်စွမ်းတဲ့ တယ်လီစကုပ်နဲ့ ဒီ Hai Van Gate က ဟွေးမြို့နဲ့ နန်းတော်အတွက် အားထားရတဲ့ ခံတပ်တခု ဖြစ်ခဲ့ပါတယ်…
ပြင်သစ်ကိုလိုနီခေတ် (1858-1954)
ပြင်သစ်တွေရဲ့သိမ်းပိုက်ခံထားရတဲ့ ဒီကာလမှာ ထူးခြားတာတခုက ပြင်သစ်တွေက Hai Van Gate ကို နှစ်ပေါင်း ၈၀ ကျော် အသုံးမပြုဘဲ စွန့်ပစ်ထားခဲ့ပါတယ်… အဲ့ဒီ နှစ် ၈၀ ကျော်ကာလကလည်း ဗီယက်နမ်မှာ များသောအားဖြင့် စစ်မက်ရေးရာနည်းပါးပြီး ငြိမ်းချမ်းတဲ့ကာလလို့ ဆိုပါတယ်… အဲ့ဒီလို ပြင်သစ်တွေက အသုံးမပြုဘဲ လျစ်လျူရှုထားခဲ့တဲ့ Hai Van Gate က အဲ့ဒီကာလတလျှောက်မှာ အတော့်ကိုယိုယွင်းပျက်စီးခဲ့ပါတယ်…
ဒါပေမယ့် ပြင်သစ်-ဗီယက်နမ်စစ်ဖြစ်တဲ့ 1946-54 ကာလအတွင်းမှာတော့ Hai Van Gate ကို ပြင်သစ်တွေက ခံတပ်တခုအနေနဲ့ ၈ နှစ်လုံးလုံးလောက်ကို အသုံးပြုပါတယ်……
ဗီယက်နမ်စစ်ကာလ (1955-75)
ဗီယက်နမ်ကို မြောက်နဲ့တောင် နှစ်ခြမ်းကွဲစေတဲ့ ရှည်ကြာပြင်းထန်လှတဲ့ ဒီစစ်ကာလမှာတော့ Hai Van Gate က တောင်ဗီယက်နမ်နဲ့သူ့ရဲ့မဟာမိတ်အမေရိကန်တွေ ထိန်းချုပ်ထားတဲ့ အရေးပါတဲ့ခံတပ်ဖြစ်ခဲ့ပါတယ်… အဲ့ဒီကာလမှာ အမေရိကန်တွေက ဒီခံတပ်ကို ပိုတောင့်တင်းအောင် ပြုပြင်ခဲ့ပါသေးတယ်… ဒါပေမယ့် စစ်ပြီးဆုံးခါနီး 1975 မှာ ဒီခံတပ်ကို မြောက်ဗီယက်နမ်က သိမ်းပိုက်ရရှိခဲ့ပါတယ်…
စစ်ပြီးခေတ်ရဲ့ Hai Van Gate
1975 ခုနှစ်မှာ ဗီယက်နမ်စစ်ပြီးဆုံးပါတယ်… အဲ့ဒီနောက်ပိုင်းတောက်လျှောက်မှာ Hai Van Gate က အမေ့လျော့ခံနေရာတခုအနေနဲ့ နှစ်ပေါင်း ၄၀ လောက်ရှိနေခဲ့ပါတယ်… အဲ့ဒီကာလအတွင်းမှာ ကြည့်ရှုထိန်းသိမ်းပြုပြင်မယ့်သူတွေ အဖွဲ့အစည်းတွေနဲ့ကင်းကွာနေခဲ့တဲ့ ဒီခံတပ်ဟောင်းက ယိုယွင်းပျက်စီးမှုအဖုံဖုံနဲ့ပါ…
ယနေ့ခေတ်ရဲ့ Hai Van Gate
ဒီဘက်ကာလ 2017 မှာတော့ ဒီခံတပ်ကို နိုင်ငံတော်သမိုင်းနဲ့ဗိသုကာလက်ကျန်အမွေ (National Historical and Architectural Relic) အဖြစ် ဗီယက်နမ်ယဥ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်…
အဲ့ဒီနောက် 2021 ကနေ 2024 အထိ Hai Van Gate ကို အကြီးစားပြုပြင်ထိန်းသိမ်းမှုတွေကို အဆင့်ဆင့်ပြုလုပ်ခဲ့ပါတယ်… 2024 မှာတော့ သမိုင်းအမှတ်တရတခုဖြစ်တဲ့ Hai Van Gate ကို လူတိုင်းလည်ပတ်လို့ရတဲ့နေရာတခုအနေနဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်…
Hai Van Gate ကို လည်ပတ်ခြင်း
ဗီယက်နမ်အလယ်ပိုင်းကိုလည်ပတ်ရင် Hai Van Gate ကိုပါ လည်ပတ်သင့်ပါတယ်… ဒီခံတပ်က ဒါနန်းမြို့ကနေ 30 km လောက်ဘဲဝေးပြီး ကားနဲ့ဆို ၄၅ မိနစ်ကနေ ၁ နာရီသာသာလေးဘဲ စီးရပါတယ်… လမ်းကကောင်းသလို Hai Van Pass ကိုကားကတက်နေတဲ့အခါမှာလည်း ညာဘက်ခြမ်းက တောင်တရုတ်ပင်လယ်ပြင်ကြီးနဲ့ ခပ်လှမ်းလှမ်းက ဒါနန်းမြို့ကို လှလှပပကြီးမြင်ရမှာပါ…
Hai Van Gate ကို ရောက်ရင် တရုတ်လိုလို ဗီယက်နမ်လိုလို တံတိုင်းကြီးနဲ့ ခံတပ်မှန်းသိသာတဲ့ပုံစံကို ပထမဆုံးတွေ့ရမှာပါ… တောင်ထိပ်ရဲ့ကမူလေးပေါ်မှာရှိနေတဲ့ အဲ့ဒီခံတပ်က မြင်မြင်ချင်း ဓါတ်ပုံရိုက်ချင်စရာပါဘဲ…
ခံတပ်ရဲ့ဝင်းခတ်ထားတဲ့တံတိုင်းအမြင့်ကြီးရဲ့အတွင်းထဲရောက်ရင်တော့ ကနဦးသတိထားမိမှာက သပ်ရပ်သန့်ရှင်းပြီး တိတ်ဆိတ်သာယာနေတာကိုပါ…
ပြီးတော့ ဝင်းထဲမှာ တခုနဲ့တခုခပ်ခြားခြားလေးဖြစ်နေတဲ့ ဝါကျင့်ကျင့်အဆောက်အအုံလေး ၂ လုံးကိုလည်းတွေ့နိုင်ပါတယ်… ပထမအဆောက်အအုံက ရှေးဘုရင်ခေတ်က ခံတပ်အရာရှိရဲ့ရုံးခန်းဖြစ်ပြီး သူ့နောက်က ဒုတိယအဆောက်အအုံကတော့ အဲ့ဒီခေတ်မှာသုံးတဲ့ ယမ်းမှုန့်နဲ့လက်နက်တွေ သိုလှောင်ရုံပါ… အခုခေတ်မှာတော့ အဲ့ဒီအဆောက်အအုံ ၂ ခုမှာ အဲ့ဒါတွေမရှိတော့ဘဲ အဲ့ဒီအစား စိတ်ဝင်စားစရာမှတ်တမ်းဓါတ်ပုံတွေ၊ ဗီယက်နမ်နဲ့အင်္ဂလိပ် နှစ်ဘာသာနဲ့ရေးထားတဲ့ ခံတပ်သမိုင်းကြောင်းတွေကို ပြသထားပါတယ်… လေ့လာသင့်တဲ့ သမိုင်းဗဟုသုတတွေပါဘဲ…
ခံတပ်ရဲ့အမြင့်ဆုံးနေရာတွေကိုတက်ရတာလည်း လွယ်ကူပြီး အဲ့ဒီနေရာအမြင့်တွေကနေ တပျံ့တပြူးမြင်ရတဲ့ လန်ကိုပင်လယ်အော်၊ သိပ်သည်းပြီးစိမ်းလန်းတဲ့တောတောင်၊ ဒါနန်းပင်လယ်အော်နဲ့ အဝေးက ဒါနန်းမြို့တွေက အမြင်အာရုံထဲစွဲကျန်ရစ်တဲ့အလှတွေပါ…
လည်ပတ်ပြီးလို့ ကားရပ်တဲ့နေရာပြန်ရောက်ရင် အနားက ဆိုင်တန်းလေးတွေမှာ စျေးဝယ်ချင်ဝယ်လိုရသလို အအေး၊ ကော်ဖီ၊ အုန်းရည်သောက်ပြီး ခဏတဖြုတ်အပန်းဖြေလို့ရပါတယ်…
Hai Van Gate က သမိုင်းရဲ့ခြေရာ၊ သမိုင်းရဲ့သက်သေအမှတ်တရတခုပါ… ခံတပ်ရဲ့သက်တမ်းက နှစ် ၂၀၀ မို့ သိပ်ပြီးသက်တမ်းမရင့်ပေမယ့် ဒီခံတပ်တွေ့ကြုံဖြတ်သန်းခဲ့တဲ့သမိုင်းဖြစ်ရပ်တွေက အထပ်ထပ်စုံလင်လှပါတယ်…
စာရေးသူတော့ အဲ့ဒီကိုရောက်တိုင်း သူနဲ့တဆက်တစပ်တည်းဖြစ်ခဲ့တဲ့ တချိန်က ငွေ့ယင်ခေတ်နဲ့ ပြင်သစ်ကိုလိုနီခေတ်တို့ကို ကိုယ်ဖတ်ဖူး လေ့လာဖူးသလောက်လေးတွေကနေ ပြန်တွေးမိ စိတ်ကူးကြည့်မိပါတယ်… အဲ့လိုစိတ်ကူးကြည့်မိတိုင်းလည်း ဗီယက်နမ်သမိုင်းတချို့နဲ့ လက်ရှိဗီယက်နမ်ကို ပိုပြီးချဥ်းကပ်မိ နီးစပ်မိတယ်လို့ ခံစားရပါတယ်…
အဲ့ဒါတင်မက Hai Van Gate ရဲ့ ရှုခင်းမြင်ကွင်းအလှကလည်း သိပ်လှပတာမို့ ဗီယက်နမ်အလယ်ပိုင်းခရီးစဥ်တွေမှာ Hai Van Gate ကို လည်ပတ်ထိတွေ့သင့်တယ်လို့ MIC က အကြံပြုလိုက်ပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.