အယုဒ္ဓယမြို့မှာ အလည်သင့်ဆုံး
ရှေး​ဟောင်းဘုရား ၅ ဆူ

By Frank. Last Updated: June 12, 2026

Ancient city of Ayutthaya in central Thailand – must-see destination for cultural travelers

အယုဒ္ဓယမြို့မှာ အလည်သင့်ဆုံး
ရှေး​ဟောင်းဘုရား ၅ ဆူ

By Frank. Last Updated: June 12, 2026

Ancient city of Ayutthaya in central Thailand – must-see destination for cultural travelers

အယုဒ္ဓယမြို့က ထိုင်းနိုင်ငံရဲ့ သမိုင်းနဲ့ရှေးဗုဒ္ဓဘာသာဗိသုကာတွေကို အများကြီးလေ့လာလို့ရတဲ့ ခရီးသွား Highlight တွေထဲကတစ်ခုပါ…

ဒီမြို့က ခရစ်နှစ် 1350 (အခုကနေဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၇၀ ကျော်ကျော်) လောက်မှာ တည်ခဲ့တဲ့ ရှေးဟောင်းမြို့တော်ပါ… အဲ့ဒီကနေ နောက်နှစ်ပေါင်း ၄၀၀ ကျော်အကြာ ခရစ်နှစ် 1767 မှာ ပျက်သုဥ်းခဲ့ရတဲ့ ဒီမြို့က သူကောင်းစားစဥ်အချိန်တွေမှာ ကမ္ဘာပေါ်က အကြီးဆုံးမြို့တွေထဲက တစ်မြို့လို့ဆိုပါတယ်… အခုအချိန်မှာတော့ တိတ်ဆိတ်ပြီး သာယာတဲ့ မြို့လေးတစ်မြို့အဖြစ်ရှိနေပါတယ်…

သူ့ရဲ့ထူးခြားချက်က သူ့မှာရှိတဲ့ အတိတ်လက်ကျန် ဘုရားစေတီအပျက်တွေပါဘဲ… လက်ရာအရ ထူးခြားတယ်… သေချာလေ့လာကြည့်ရင် အယုဒ္ဓယခေတ်ရဲ့ ဗိသုကာပေါ်မှာ သူ့ထက်စောပြီးထွန်းကားခဲ့တဲ့ က​မ္ဘောဒီးယားရဲ့ ခမာဗိသုကာရဲ့ လွှမ်းမိုးမှုတချို့ကို တွေ့ရမှာပါ…

Ayutthaya temple tour to Wat Phra Si Sanphet - highlight of Thailand's cultural and heritage tours
ဝပ်ဖရာစီစံဖတ် (Wat Phra Si Sanphat)

အယုဒ္ဓယမှာ အယင်ခေတ်ရဲ့လက်ကျန် ဘုရားပုထိုး အကောင်းအတိုင်းတွေရော၊ အကျိုးအပျက်တွေရောက အရမ်းလှပတယ်… ပြီးတော့ ရှေးလက်ကျန်တွေ၊ ရှေးလက်ရာတွေကို ထိန်းသိမ်းတာ စနစ်ကျတယ်… အရင်လက်ရာအတိုင်းလောက်ကို ကျန်နေတယ်… အဲ့ဒါကြောင့်လည်း အယုဒ္ဓယက UNESCO ရဲ့ ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ် (UNESCO World Heritage) စာရင်းဝင် ဖြစ်နေပါတယ်…

UNESCO အမွေအနှစ် စာရင်းဝင်တဲ့နေရာဆိုရင် သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုး၊ ယဥ်ကျေးမှုတန်ဖိုး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတန်ဖိုး၊ နဂိုမူရင်းမပျက်တဲ့တန်ဖိုး အစရှိသဖြင့် သက်ဆိုင်ရာတန်ဖိုး (Value) အရမ်းမြင့်တာကြောင့် မလွတ်တမ်း လည်ပတ်လေ့လာသင့်ပါတယ်…

Seated Buddha statues lined up in Ayutthaya temple ruins – Thailand heritage site visit
Ancient Buddhist temple ruins in Ayutthaya, Thailand – must-see UNESCO heritage attraction

အယုဒ္ဓယမြို့က ဘန်ကောက်ရဲ့ မြောက်ဘက်… ကီလိုမီတာ ၈၀ လောက်အကွာရှိပါတယ်… ကားနဲ့ဆို ၁ နာရီကျော်ကျော်လေး… ရထားနဲ့ဆို ၁ နာရီခွဲလောက်ဘဲ စီးရပါတယ်… သွားရတာ မပင်ပန်းပါဘူး… ရထားလက်မှတ်ခက ဘန်ကောက်ကနေဆိုရင် ၁၅ ဘတ် ဆိုတော့ အရမ်းသက်သာပါတယ်…

တစ်ခုရှိတာလေးလည်း တဆက်တည်း ပြောပြချင်ပါတယ်… အယုဒ္ဓယကိုလည်ရင် ဘန်ကောက်ကနေ နေ့ချင်းပြန်သွားကြတာထက် အယုဒ္ဓယမှာ တစ်ညအိပ်လောက်နေပြီး အေးအေးဆေးဆေးလည်ပါလို့ အကြံပြုချင်တာပါ… အယုဒ္ဓယမှာရှိတဲ့ ဘုရားစေတီအဟောင်းတွေကို ခနတဖြုတ်ကြည့်ရှုတာ လည်တာထက်စာရင် သေချာလေးအချိန်ပေးပြီး လေ့လာကြည့်သင့်ပါတယ်… ပြီးတော့ ညနေခင်းဆည်းဆာအချိန်မှာ သာယာပြီး လည်လို့ပိုကောင်းတဲ့ ဘုရားစေတီတချို့လည်း ရှိတာမို့ တစ်ညအိပ်ခရီးစဥ်က ပိုပြီးသင့်တော်ပါတယ်…

အခု ဒီ Blog Post မှာ အယုဒ္ဓယမြို့ကိုအလည်သွားရင် မလည်မဖြစ်လည်ပတ်လေ့လာသင့်တဲ့ ရှေးဘုရား ၅ ဆူကို ပြောပြချင်ပါတယ်… ကဲ… ကြည့်လိုက်ကြရအောင်…

၁) Wat Chaiwatthanaram (ဝပ် ချိုင်ဝပ်ထနာရမ်)

Ayutthaya day tour to Wat Chaiwatthanaram - must-see stop on Thailand heritage tours

ဘုရားရဲ့ နာမည်ကို ခေါ်ရခက်နေလို့ဆိုပြီး မလည်ဘဲမနေလိုက်ပါနဲ့… ဒီဘုရားရဲ့ ပုံစံ၊ ပရဝုဏ်၊ မပျက်မစီးကျန်ခဲ့တာတွေ နဲ့ အပျက်အစီးလက်ကျန်တချို့က သိပ်လှပါတယ်… အယုဒ္ဓယမှာတော့ အလှဆုံး ရှေးဘုရားတွေထဲက တစ်ဆူပါ…

ဝပ်ချိုင်ဝပ်ထနာရမ်ကို တည်တာက ၁၆၃၀ ခုနှစ်… တည်တဲ့ဘုရင်က ပရာဆက်သောန်… ဘုရားရဲ့ဘွဲ့တော် (နာမည်) ရဲ့ အဓိပ္ပာယ်က ကြာရှည်တဲ့မင်းတရားလက်ထက်တော်နဲ့ သာယာတဲ့ခေတ်… ဒီဘုရားရဲ့ ဟန်ပန်က ကမ္ဘောဒီးယားရဲ့ ခမာပုံစံ… အလယ်က အမြင့်ဆုံး၊ အကြီးဆုံး စေတီကို ဘေးမှာစေတီရံ ၄ ဆူနဲ့ရံထားတာ…

ဒီပုံစံက မြင့်မိုရ်တောင်နဲ့ သူ့ကိုရံထားတဲ့ ကျွန်းကြီး ၄ ကျွန်းရဲ့ ဒီဇိုင်းအယူအဆပါ… မြင့်မိုရ်တောင်ဒီဇိုင်းက ရှေးခေတ်ခမာပြည်၊ အယုဒ္ဓယပြည်တို့မှာ ဘုရားတည်တဲ့အခါ အရမ်းခေတ်စားခဲ့တဲ့ ဗိသုကာဟန်တစ်ခုပါ…

ဒီဘုရားကို ဘုရင် ပရာဆက်သောန်က သူ့မယ်တော်အတွက် ရည်စူးပြီးတည်တာပါ… ဒီဘုရားရဲ့နေရာကလည်း သူ့မယ်တော်နေသွားတဲ့နေရာလို့ ဆိုပါတယ်… သူ့မယ်တော်ရဲ့ ကျေးဇူးကို မြင့်မိုရ်တောင်နဲ့ နှိုင်းယှဥ်ပြတဲ့ သင်္ကေတဆန်ဆန် (symbolic) ဗိသုကာလက်ရာပါ… သူ့လက်ထက်မှာတော့ ဒီဘုရားနဲ့ ဒီနေရာက အယုဒ္ဓယရဲ့ အရေးအပါဆုံးနေရာပါဘဲ…

ဝပ်ချိုင်ဝပ်ထနာရမ်ကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်က ညနေ ၄ နာရီနောက်ပိုင်းပါ… နေဝင်ဆည်းဆာအချိန်ကတော့ သူ့ရဲ့အလှဆုံးအချိန်ပါဘဲ… ထိုင်းနိုင်ငံကို ရောက်နေတုန်းမှာ ဒီဘုရားကို လက်လွတ်မခံဖို့ ပြောပါရစေ…

၂) Wat Yai Chaimongkhon (ဝပ်ယိုင်ချိုင်မောန်ခေါန်)

ဝပ်ယိုင်ချိုင်မောန်ခေါန်ရဲ့ ထူးခြားချက်က ဘုရားပုရဝုဏ်ရဲ့အလယ်ဗဟိုမှာရှိတဲ့ ထုထည်အားကောင်းပြီး လွှမ်းမိုးတဲ့ဟန်ပေါ်လွင်လွန်းတဲ့ စေတီကြီးပါဘဲ… ဘုရားရဲ့ဝင်းထဲကို ရောက်တာနဲ့ အကြည့်တွေ အာရုံတွေက ဒီစေတီကြီးကိုဘဲ ဗဟိုပြုနေတဲ့အထိပါဘဲ…

ဒီဘုရားရဲ့ နေရာက အစပိုင်းမှာ ဘုန်းကြီးကျောင်းနဲ့ဘုရားတစ်ဆူနဲ့ အစပြုပြီး အဲ့ဒါကို အယုဒ္ဓယပြည်ရဲ့ ပထမဆုံးဘုရင် ဦးသုံ က ၁၃၅၀ ခုနှစ်နဲ့ ၁၃၆၀ ခုနှစ်ကြားမှာ လှူခဲ့ပြီး Wat Pa Kaeo (ဝပ်ပါကီယို) လို့ ဘွဲ့တော်ပေးခဲ့ပါတယ်…

အခုတွေ့ရတဲ့ ဝပ်ယိုင်ချိုင်မောန်ခေါန် ရဲ့ ဘုရားဝင်းရဲ့ အလယ်ဗဟိုက စေတီကြီးကိုတော့ အယုဒ္ဓယ-မြန်မာ စစ်ပွဲမှာ စစ်နိုင်ခဲ့တဲ့အထိမ်းအမှတ်အတွက် ၁၅၉၂ ခုနှစ်မှာ အယုဒ္ဓယဘုရင်နရစွမ် က တည်ခဲ့ပါတယ်… စစ်နိုင်တာ၊ မာန်တက်ကြွတာ၊ သူ့ခေတ်ကို သူယုံကြည်တာတွေက ဒီဘုရားရဲ့ ထုထည်မှာ ထင်ဟပ်နေသယောင်ပါဘဲ… ဒီစေတီကြီးကို တက်ပြီး အထဲထိလည်းဝင်လို့ရပါတယ်…

​စေတီအပြင်ဘက်ပတ်ပတ်လည်မှာ အယုဒ္ဓဟန်ဘူမိဖဿဗုဒ္ဓရုပ်ပွားတော်တွေကို ​တွေ့နိုင်ပါတယ်… အမိုးအကာမရှိတဲ့အတွက် ဆင်းတုတော်တွေမှာက အညိုကွက်၊ အမည်းကွက်တွေက ဟိုတကွက်၊ ဒီတကွက်နဲ့ပါ…

အယုဒ္ဓယမှာ ဒီဘုရားက လူကြိုက်အများဆုံးထဲပါပါတယ်… တကယ်လည်း စိတ်ဝင်စားစရာကောင်းပြီး သာယာလို့ သွားလည်ပြီး လေ့လာသင့်ပါတယ်…

၃) Wat Mahathat (ဝပ်မဟာထက်)

ဝပ်မဟာထက် က အယုဒ္ဓယမြို့ဟောင်းရဲ့အလယ်လောက်မှာ ရှိပြီး သူ့ကိုလည်ပတ်လို့အ​ကောင်းဆုံးက နေ့လည်စောင်းအချိန်ပါ….

Wat Mahathat ကို အယုဒ္ဓယ ခေတ်ဦးပိုင်းရဲ့ဘုရင် ပထမ ဘောရောမရက်ချာထီရတ် လက်ထက်မှာတည်တာပါ… ဒီဘုရင်ကို ထိုင်းရဲ့သမိုင်းမှာ စစ်ပွဲတွေ၊ နယ်ပယ်ချဲ့ထွင်တာတွေနဲ့ အသိများပါတယ်…

မဟာထက် ဆိုတဲ့နာမည်ကို အဲ့ဒီဘုရင်နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာတဲ့ သူ့တူ ရာမစွမ် (Ramesuan) က ပေးခဲ့ပါတယ်… ရာမစွမ်က ဒီဘုရားကို ပိုကြီးမားတဲ့ ဘုရားဖြစ်အောင်တည်ခဲ့တာလို့ဆိုပါတယ်…

အခုခေတ်မှာတော့ ဝပ်မဟာထက်က အပျက်အစီးအစုစုနဲ့ပါ… ဒါပေမယ့် အယုဒ္ဓယခေတ်ဟောင်းရဲ့ လက်ကျန် အုတ်ခဲတွေရယ်၊ အုတ်စီတဲ့ပုံစံတွေရယ်၊ ထိန်းသိမ်းထားတဲ့ အကျိုးအပျက်တွေရယ်ကနေ ဘုရားရဲ့ နဂိုကာလက အဆောက်အအုံတွေရဲ့ ဖြစ်တည်ပုံတွေကို မှန်းဆကြည့်ရတာတွေကို လည်ပတ်နေရင်း လုပ်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်…

ဒီဘုရားရဲ့ Highlight ကတော့ အရမ်းကြီးမားတဲ့ ညောင်ပင်ကြီးရဲ့ အမြစ်ကြီးတွေကြားထဲက ဗုဒ္ဓဦးခေါင်းတော်ပါဘဲ… Highlight မို့ နာမည်ကြီးပေမယ့် ဒီဗုဒ္ဓဦးခေါင်းတော်က ဒီနေ့အထိ ပဟေဠိတစ်ပုဒ်ပါဘဲ… အမျိုးမျိုးသော မှန်းဆချက်တွေရှိပေမယ့် ဒီဦးခေါင်းတော် ဘယ်လိုလုပ် ဒီအမြစ်တွေထဲ ရောက်နေရလဲဆိုတာ ဘယ်သူမှအတိအကျ မပြောနိုင်သေးပါဘူး…

ထိုင်းနဲ့အယုဒ္ဓယလို့ဆိုလိုက်တာနဲ့ ​ညောင်မြစ်ကြားက ဒီဘုရားဦး​ခေါင်းရဲ့ပုံ​တွေကို အလွယ်တကူ​တွေ့ရတဲ့အထိ နာမည်ကြီးတဲ့ဘုရားမို့ မလည်မဖြစ်​နေရာတခုပါဘဲ…

၄) Wat Phra Si Sanphet (ဝပ်ဖရာစီဆန်ဖတ်)

Ancient Wat Phra Si Sanphet in Ayutthaya Historical Park – iconic UNESCO heritage temple in Thailand

ဒီဘုရားကို မတည်ခင်က အဲ့ဒီနေရာက အယုဒ္ဓယရဲ့ နန်းတော်နေရာပါ… ဒါပေမယ့် အယုဒ္ဓယပြည်ရဲ့ ၉ ယောက်မြောက်ဘုရင် ဘောရောမတြာလောကနတ် က နန်းတော်အသစ်ကိုရွှေ့တော့ နန်းတော်အဟောင်းနေရာမှာ ဘုရားတည်ခဲ့ပါတယ်… သူက ထိုင်းရဲ့သမိုင်းမှာ ဆင်ဖြူကိုပိုင်ဆိုင်တဲ့ ပထမဆုံးဘုရင်လို့ ဆိုပါတယ်… အဲ့ဒီအပြင် ထိုင်းသမိုင်းမှာ သူက အကြီးမြတ်ဆုံးမင်းတွေထဲက တစ်ပါးလို့လည်း ဆိုပါတယ်…

သူလွန်ပြီးနောက်မှာ သူ့အရိုးပြာရယ်၊ သူနတ်ရွာစံပြီး​နောက်မှာ ဘုရင်ဖြစ်ခဲ့တဲ့ သူ့သားတော်ကြီးရဲ့အရိုးပြာရယ်ကို နောက်ထပ်ဘုရင်ဖြစ်လာတဲ့ သားတော်ငယ်က စေတီ ၂ ဆူ ထပ်တည်ပြီး မြှုပ်ခဲ့တာပါ… ခုနှစ်ကတော့ 1492 လို့ဆိုပါတယ်… ဒါကြောင့် နဂိုက တစ်ဆူရယ်၊ သားတော်အငယ်ဘုရင်က ထပ်တည်တဲ့ ၂ ဆူရယ်ကြောင့် ဒီဘုရားမှာ စေတီ ၃ ဆူရှိနေတာပါ…

ဒီဘုရား ဝပ်ဖရာစီဆန်ဖတ် မှာ ဒီ စေတီ ၃ ဆူဘဲ ရှိတာတော့မဟုတ်ပါဘူး… ဒီစေတီ ၃ ဆူ ပတ်ပတ်လည်မှာ အပြိုအပျက်တွေအများကြီးက ဝိုင်းရံနေပါတယ်… တခြားဘုရားတွေမှာလိုဘဲ အဲ့ဒီအပျက်အစီးတွေကို UNESCO ရဲ့ စံညွှန်းအတိုင်း စနစ်တကျထိန်းသိမ်းထားပါတယ်…

ဒီဘုရားက အရမ်းလှပြီး သာယာတယ်… ဝင်းထဲမှာ အရိပ်ရတဲ့ အပင်တွေရှိတယ်… သေချာလေ့လာလို့ကောင်းပြီး ဓါတ်ပုံစားတဲ့ အပြိုအပျက်တွေကလည်း ဝင်းထဲမှာ နေရာအနှံ့ပါဘဲ… တခြားဘုရားတွေလိုဘဲ ဝပ်ဖရာစီဆန်ဖတ်ကို လည်ပတ်ရင်းလေ့လာမယ်ဆို အချိန်က တစ်နာရီနဲ့အထက်မှာ ကြာနိုင်ပါတယ်… လည်ဖို့က နေ့လည် တိမ်ပြာပြာအချိန်တွေဆို ပိုကောင်းပါတယ်…

၅) Wat Ratchaburana (ဝပ်ရက်ချာဘူရာနား)

Wat Ratchaburana is a hitorically significant temple from the 15th century and a must-vist site in Ayutthaya.

ဝပ်ရက်ချာဘူရာနား က ဝပ်မဟာထက် နဲ့ ဝပ်ဖရာစီဆန်ဖတ်တို့လိုဘဲ အယုဒ္ဓယမြို့ဟောင်းထဲမှာ ရှိတာပါ… သူတို့ ၃ ဆူကတော့ တစ်ဆူနဲ့တစ်ဆူ နီးပါတယ်…

ဒီဘုရားကို တည်တဲ့ခုနှစ်က 1424… တည်တဲ့သူက ဘုရင် ဒုတိယ ဘောရောမရာချာထီရက်… တည်တဲ့ရည်ရွယ်ချက်က သူ့အစ်ကိုနှစ်ယောက်ရဲ့ အရိုးပြာကို မြှုပ်ပြီးဌာပနာဖို့… သူ့အစ်ကိုနှစ်ယောက်စလုံးကို ဒီဘုရားမတည်ခင် အဲ့ဒီနေရာမှာဘဲ မီး သင်ဂြိုတယ်လို့ဆိုပါတယ်… ဒီအစ်ကို ၂ ယောက်က ဖခင်ဘုရင် ပထမ အင်သာရာချာ နတ်ရွာစံပြီးနောက်မှာ ထီးနန်းရရှိရေးအတွက် တိုက်ခိုက်ကြရာက ၂ ဦးစလုံးသေဆုံးကြပါတယ်… အဲ့ဒါကြောင် ညီအငယ်ဆုံးက အယုဒ္ဓယပြည်ရဲ့ ဘုရင်ဖြစ်လာပါတယ်…

အဲ့ဒီဌာပနာတိုက်က အခုခေတ်မတိုင်ခင် ၁၉၅၇ ခုနှစ်မှာ အဖောက်ခံရပါတယ်… မင်းညီမင်းသားတွေရဲ့ အရိုးပြာမြှုပ်ရာဆိုတော့ သူတို့ရဲ့နန်းတွင်းအသုံးအဆောင်တွေပါ ထည့်ပြီးမြှုပ်လိုက်တာပါ… တန်ဖိုးကြီးတွေချည်းဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်… ဌာပနာဖောက်သူတွေကို ပြန်မိပေမယ့် ခိုးရာပါတွေကိုတော့ တချို့သာ ပြန်ရတယ်လို့ ဆိုပါတယ်…

အယုဒ္ဓယက တချို့ဘုရားစေတီတွေရဲ့ ဟန်အတိုင်း ဒီဘုရားမှာလည်း မြင့်မိုရ်တောင်ရဲ့ပုံစံကို ယူထားတဲ့ ဟန်ရှိပါတယ်… အလယ်က မြင့်မိုရ်တောင်ဆန်ဆန် စေတီကြီးရဲ့ ဗိသုကာက ခမာလက်ရာနဲ့ မလွတ်ပါဘူး…

ဝပ်ရက်ချာဘူရာနား ကို အကောင်းဆုံးလည်ချင်ယင် နေလည် ၄ နာရီနောက်ပိုင်းမှသွားပါ… ညနေခင်း လေပြေဖွဖွလေးရယ်… မပူတော့တဲ့ နေရောင်ခြည်ရယ်… အရမ်းထိန်မနေတော့တဲ့ အလင်းရောင်ရယ်… အေးချမ်းတဲ့ ဘုရားပရဝုဏ်ရယ်… အတိတ်ရဲ့လက်ကျန် အုတ်အပြိုအပျက်တွေရယ်… သမိုင်းနောက်ခံရယ်… အားလုံးပေါင်းလိုက်ရင် ဒီဘုရားက အယုဒ္ဓယရဲ့ အလှဆုံး ၅ နေရာထဲက တစ်နေရာဖြစ်နေတာကို ခြွင်းချက်မရှိပါဘဲ…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.