July 27, 2026 | Frank
နံနက်ခင်းစောစောတွေဆိုရင် ဟွေးမြို့အလယ်က Perfume River ပေါ်မှာ မြူမှုန်လေးတွေ ခပ်ပါးပါး ဝေ့ဝဲနေတတ်ပါတယ်…
မြစ်ထဲမှာ လှေငယ်တစင်းတလေက မှန်တချပ်လို ငြိမ်သက်နေတဲ့ရေပြင်ကို တိတ်တဆိတ်ဖြတ်သန်းသွားတာကိုလည်း မြင်တွေ့ရတတ်ပါတယ်…
မြစ်တဖက်ကမ်းက ဗီယက်နမ်ရိုးရာဗုဒ္ဓဘာသာဘုရားကျောင်းတော်တချို့က ခေါင်းလောင်းသံသဲ့သဲ့မျှင်းမျှင်းက လေထဲမှာပျော်ဝင်သွားတတ်ပါတယ်…
ဟွေးမြို့က အဲ့ဒီလိုပါဘဲ… အသံကျယ်ကျယ်သိပ်မကြားရဘူး… ဒါပေမယ့် ရောက်လာသူတိုင်းရဲ့စိတ်ထဲမှာ အချိန်ကြာကြာနေရာယူတတ်ပါတယ်…
အဲ့ဒီတိတ်ဆိတ်နေတတ်တဲ့မြို့ကို မတူညီတဲ့ခေတ်တွေမှာ လူသုံးယောက် ရောက်လာဖူးတယ်… ခံစားကြဖူးတယ်… တယောက်က အင်္ဂလိပ်ဝတ္ထုစာရေးဆရာ Somerset Maugham ၊ နောက်တယောက်က ရုပ်ရှင်လောကရဲ့ဂန္တဝင် Charlie Chaplin နဲ့ နောက်တယောက်ကတော့ ခရီးသွားစာရေးဆရာ Paul Theroux…
သူတို့သုံးယောက်က ဟွေးမြို့ကိုကြည့်တဲ့မျက်လုံးတွေမတူကြပေမယ့် ဟွေးမြို့ကတော့ သူတို့ကို တူညီတဲ့အရာတခုကို ပေးခဲ့တယ်… အဲ့ဒါက ‘ရွေ့လျားနေတဲ့အချိန်ယန္တရားထဲမှာ ဟွေးမြို့က သူ့ပုံစံအတိုင်း ကျန်ရှိနေနိုင်ခြင်း’ ဆိုတာပါဘဲ…
Somerset Maugham (ဆမ်းမားဆက်မွန်)
ပြင်သစ်ကိုလိုနီခေတ်ရဲ့တော်ဝင်မြို့တော်
၁၉၂၃ မှာ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဆမ်းမားဆက်မွန် (Somerset Maugham) က သူ့ရဲ့အာရှတိုက်အရှေ့ဖျားကိုလာတဲ့ ခရီးရှည်ကြီးမှာ ဟွေး ကို လည်ပတ်ခဲ့တယ်… (အဲ့ဒီခရီးမှာ ဗီယက်နမ်မတိုင်ခင် မြန်မာပြည်ကို လည်ပတ်သေးတယ်…)
၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ဟွေးမြို့ဟာ ပြင်သစ်ပိုင်အင်ဒိုချိုင်းနားဒေသရဲ့ တော်ဝင်မြို့တော်ပါအနေနဲ့ ရှိနေဆဲပါ… ဟွေးမြို့အလယ်မှာ နန်းတော်ရှိပြီး ငွေ့ယင်မင်းဆက်ရဲ့ ဧကရာဇ်နန်းစံပါတယ်…
စာရေးအရမ်းကောင်းလှတဲ့ ဆမ်းမားဆက်မွန်ဟာ အပေါ်ယံအလှတရားတွေကိုသာ ရှာဖွေသူမဟုတ်ပါဘူး… လူတွေရဲ့ မျက်နှာအမူအရာ၊ ကော်ဖီဆိုင်ထဲက စကားသံတိုးတိုးတွေ၊ မြစ်ကမ်းနားမှာ ထိုင်နေတဲ့ သာမန်လူတွေရဲ့ ဘဝတွေကို ပိုစိတ်ဝင်စားသူပါ… သူ့ပတ်ဝန်းကျင်မှာ သူမြင်တွေ့နေရတဲ့ ဖြစ်ပျက်နေတဲ့အရာတွေကို မျက်ခြေပြတ်မခံတတ်သူတယောက်ပါ…
သူရောက်တဲ့အချိန်မှာ ဟွေးမြို့က အင်္ဂလန်အနောက်ပိုင်းက နားနားနေနေနဲ့ သာယာတဲ့မြို့လေးတမြို့လို သူမြင်မိတာကို ခရီးစဥ်အပြီးမှာထုတ်တဲ့ သူ့ရဲ့စာအုပ် The Gentleman in the Parlour မှာ သူရေးခဲ့ပါတယ်…
အဲ့ဒီစာအုပ်မှာ သူမြင်ခဲ့တဲ့ဟွေးမြို့ကို သူရေးခဲ့တာက တချိန်ကဟွေးမြို့ကို ပြန်မြင်ကြည့်၊ ခံစားကြည့်ချင်သူတွေအတွက် တန်ဖိုးရှိပါတယ်…
အဲ့ဒီကာလမှာ ဟွေးမြို့က မြို့တော်ဆိုပေမယ့် ဟန်ကြီးပန်ကြီးတွေနဲ့ ဖြစ်မနေတာ၊ Perfume River ကိုအလယ်မှာထားပြီး မြစ်တဖက်တချက်မှာ မြို့ကဖြစ်ထွန်းတည်ရှိနေတာ၊ ဟွေးမြို့ခံဗီယက်နမ်တချို့က ဟိုတယ်မှာကော်ဖီသောက်တာ၊ ကိုလိုနီပြင်သစ်တွေရဲ့ အဆောက်အအုံတွေက ဒေသရဲ့ပူပြင်းတဲ့ရာသီဥတုကို သိပ်ဂရုမစိုက်ဘဲ ခပ်ကြွားကြွားနဲ့ တောင့်တင်းအောင် ဆောက်ထားတာ စတဲ့ သူမြင်ခဲ့တဲ့1920 ကျော် ပြင်သစ်ကိုလိုနီခေတ်ရဲ့ ဟွေးမြို့မြင်ကွင်းတွေကို အဲ့ဒီစာအုပ်မှာရေးခဲ့တယ်…
ဟွေးမြို့က သူ့ကို အံ့အားသင့်စေခဲ့တာက ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တွေထက်၊ အရာအားလုံးဟာ အေးအေးဆေးဆေး စီးဆင်းနေတဲ့ ခံစားချက်ပဲ ဖြစ်နိုင်ပါတယ်…
Charlie Chaplin (ချာလီချက်ပလင်)
ကမ္ဘာကျော်ကြားသူနှစ်ဦး၏ ပျားရည်ဆမ်းခရီး (၁၉၃၆ ခုနှစ်)
ကမ္ဘာတစ်ဝှမ်းက လူတွေ ရယ်မောစေခဲ့တဲ့ Charlie Chaplin ကတော့ ဟွေးမြို့မှာ ရယ်စရာဇာတ်ကား မရိုက်ခဲ့ပါဘူး….
သူနဲ့ ဇနီး ရုပ်ရှင်မင်းသမီး Paulette Goddard တို့ဟာ ပျားရည်ဆမ်းခရီးအတွင်း ဗီယက်နမ်ကို ရောက်လာခဲ့ကြပါတယ်…
ညနေခင်းမှာ Perfume River ပေါ်ကို နေရောင်အဝင်အထွက် ရွှေရောင်ဖြာကျနေချိန်၊ သူတို့နှစ်ယောက် မြစ်ကမ်းလမ်းပေါ်မှာ လျှောက်သွားခဲ့ကြတာကို မြင်ယောင်ကြည့်လိုက်ပါ…
ဝေးကွာလှတဲ့အရှေ့ဖျားဒေသမှာ သူတို့ကို လူတိုင်းမှတ်မိကြပါဘူး… အဲ့ဒီကာလရဲ့ ရုပ်ရှင်ယဥ်ကျေးမှုက ဗီယက်နမ်ရဲ့နေရာတော်တော်များများကို မထိုးဖောက်နိုင်သေးပါဘူး…
ကျော်ကြားမှုကြောင့် စိတ်မကျဥ်းကြပ်ချင်တဲ့သူတို့အတွက် ဟွေးမြို့က ပျော်စရာတမျိုးတဖုံဖြစ်နေပါတယ်… ဟွေးမြို့ကသူတို့ကို ကမ္ဘာကျော်ရုပ်ရှင်ကြယ်ပွင့်တွေအဖြစ် မဟုတ်ဘဲ ခရီးသည်နှစ်ယောက်အဖြစ် လက်ခံခဲ့တာကြောင့်ပါ…
ဟွေးမှာ သူတို့တည်းခဲ့တဲ့ Saigon Morin Hotel ကြီးကတော့ ဟွေးမြို့ရဲ့အလယ်မှာ အခုထိထည်ထည်ဝါဝါတည်ရှိနေဆဲပါ…
Paul Theroux (ပေါလ်သရိုး)
ရထားခရီးစဥ်ထဲက ဟွေးမြို့
ဟွေးကို နောက်ထပ်ကမ္ဘာကျော်စာအုပ်တအုပ်မှာ ထပ်တွေ့နိုင်သေးတယ်… အဲ့ဒီစာအုပ်က The Great Railway Bazaar… ရေးတာက နာမည်ကျော် အမေရိကန်စာရေးဆရာ ပေါလ်သရိုး (Paul Theroux)… သူက သူရေးမယ့် အဲ့ဒီစာအုပ်အတွက် 1973 မှာ အင်္ဂလန်နိုင်ငံကနေ အာရှတိုက်ကို ရထားလမ်းကြောင်းအဆင့်ဆင့်နဲ့ ရသမျှလာတာ… သူ့ခရီးစဥ်မှာ မြန်မာပြည်လည်းပါတယ်…
တခြားနေရာတွေကို သူရေးသလိုမျိုးဘဲ သူရဲ့ ဟွေးမြို့အတွေ့အကြုံကို ရေးတဲ့အခါ သူမြင်တာကို သူရေးတယ်… 1973 ခုနှစ် ဆိုတာက ဗီယက်နမ်စစ်ကာလ… ဟွေးမှာ ဗီယက်နမ်စစ်ကိုသူမြင်ရတယ်… စစ်ရဲ့အနံ့အသက်ကို သူရတယ်… မိုးတွေရွာတော့ ဗွက်တွေထနေတဲ့ လမ်းတွေပေါ်မှာ စစ်ကားတွေဖြတ်သွားတာ၊ လူတွေက အထုပ်အပိုးတွေနဲ့ မိုးရေထဲမှာ သွားနေတာ၊ ဗီယက်နမ်စစ်ကာလရဲ့ သံဆူးကြိုးခွေတွေ ဟိုတကွက် ဒီတကွက်ကြားထဲက မြို့ကိုသူတွေ့တာ၊ မိုးရာသီမှာ အတော်အေးတာ၊ ငွေ့ယင်ဘုရင်တွေရဲ့ တော်ဝင်သင်္ချိုင်းတွေကို သူသွားကြည့်ခဲ့တာ… စသဖြင့် အဲ့ဒီအချိန်က ဟွေးမြို့ကို သူ့စာအုပ်ထဲမှာမြင်ရတာ အတော့်ကိုတန်ဖိုးရှိတယ်…
နောင် နှစ် ၃၀ အကြာ 2003 ခုနှစ်မှာ Paul Theroux က အာရှကို အလည်ပြန်လာပါတယ်… သူ့ရဲ့ခရီးစဥ်က အရင် 1973 တုန်းကအတိုင်း ဥရောပ-အာရှ-ဥရောပ ရထားခရီးစဥ်လမ်းကြောင်းအတိုင်း လာတာပါ… Hue ကို သူထပ်ရောက်တော့ အပြောင်းလဲကြီး ပြောင်းလဲနေတဲ့မြို့ကို သူမြင်ရတယ်… စစ်ကာလတုန်းက ထိခိုက်ပျက်စီးခဲ့တဲ့မြို့ကို ပြန်ပြင်ထားတယ်… ထပ်ပါချဲ့ထားတယ်… အရင်စစ်ကာလမှာတုန်းက သူကြုံတွေ့ခဲ့ဖူးတဲ့ စိုးရိမ်ထိတ်လန့်စရာတွေ ဘာမှရှိမနေတာ သူတွေ့တယ်… အရာရာက ကောင်းမွန်နေပြီး ဒေသခံတွေက ပျော်နေကြတာကို သူတွေ့ခဲ့ကြားခဲ့တယ်… အဲ့ဒါတွေကို သူ့ရဲ့ Ghost Train to the Eastern Star စာအုပ်မှာ သူရေးခဲ့တယ်…
Somerset Maugham ရောက်ခဲ့တဲ့ ဟွေးမြို့နဲ့ Charlie Chaplin မြင်ခဲ့တဲ့ ဟွေးမြို့၊ Paul Theroux မှတ်တမ်းတင်ခဲ့တဲ့ ဟွေးမြို့တို့ကြားမှာ ဆယ်စုနှစ်များစွာ ကွာခြားပါတယ်… ပြီးတော့ အခုခေတ်ရဲ့ ဟွေးမြို့နဲ့လည်း ဆယ်စုနှစ်များစွာ ကွာခြားပါတယ်…
ဒါပေမယ့် နံနက်စောစော Perfume River ပေါ်က မြူမှုန်တွေကတော့ ရှိနေဆဲ…
မြို့အပြင်ဘက်က Thien Mu Pagoda ရဲ့ ခေါင်းလောင်းသံကလည်း ရှိနေဆဲ…
တော်ဝင်နန်းတော်ရဲ့ အုတ်နံရံတွေကလည်း နေရောင်အောက်မှာ အရင်လို အနီရောင်တောက်နေဆဲ…
ဟွေးမြို့ရဲ့ အလှတရားက ဓာတ်ပုံတစ်ပုံထဲမှာ မပြီးဆုံးသွားပါဘူး… အချိန်ယူပြီး လမ်းလျှောက်ရင်း၊ ကော်ဖီတစ်ခွက် သောက်ရင်း၊ Perfume မြစ်ကမ်းဘေးကသစ်ပင်ကြီးတွေရဲ့ သာယာတဲ့အရိပ်ထဲမှာထိုင်ပြီး သူ့သမိုင်းတွေကိုဖတ်ကြည့်ရင်း သူ့ကိုပိုနားလည်လာတဲ့ မြို့တစ်မြို့ပါ…
မိတ်ဆွေတို့လည်း သူတို့လိုမျိုး ဟွေးမြို့ကို ခံစားကြည့်ပါ…
စာရေးဆရာတစ်ယောက်လို လမ်းလျှောက်ချင်သလား…
ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်လို မြစ်လေပြေကို ခံစားချင်သလား…
ဒါမှမဟုတ် ခရီးသွားစာရေးဆရာတစ်ယောက်လို မြို့ရဲ့ အသေးစိတ်အလှတွေကို ရှာဖွေချင်သလား…
ဟွေးမြို့က အဖြေတစ်ခုတည်း မပေးပါဘူး…
မိတ်ဆွေတို့ ဘယ်လိုကြည့်သလဲဆိုတဲ့အပေါ် မူတည်ပြီး ဟွေးရဲ့ မတူညီတဲ့ အတွေ့အကြုံတွေကို ရနိုင်ပါတယ်…
ဒီလိုအရာတွေကို စိတ်ဝင်စားရင် Somerset Maugham၊ Charlie Chaplin နှင့် Paul Theroux တို့ တစ်ချိန်က ထိတွေ့ခံစားခဲ့ရသလို ဟွေးမြို့၏ အေးဆေးငြိမ်သက်သော စိတ်ဝိညာဉ်ကို ကိုယ်တိုင်ခံစားနိုင်မယ့် ခရီးစဥ်မျိုးကို MIC ဆီမှာ ရရှိနိုင်ပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.