က​မ္ဘောဒီးယားနဲ့ ခမာတို့ရဲ့နှလုံးသား

Angkor Wat

ကို လည်ပတ်ခြင်း

အန်​ကောဝပ်က ကမ္ဘာ့အကြီးဆုံးဘာသာ​​ရေးအ​ဆောက်အအုံ... နှစ်​ပေါင်း ၉၀၀ ​ကျော်ကြာ အချိန်ရဲ့စမ်းသပ်မှု​တွေကို ဖြတ်သန်းခဲ့တဲ့ အ​ဆောက်အအုံ... ဒီဘက်​ခေတ်မှာ​တော့ က​မ္ဘောဒီးယားရဲ့အသည်းနှလုံး... တနိုင်ငံလုံးရဲ့ အမှတ်အသားဖြစ်လို့ အမျိုးသားအလံပေါ်မှာတောင် ဂုဏ်ယူစွာ ထင်ဟပ်နေတဲ့ အမွေအနှစ်...

August 4, 2026     |     Frank

Angkor Wat at sunrise, the best time to enjoy the ancient Khmer monument
အန်​ကောဝပ်ရဲ့ ​နေထွက်ချိန်အလှ

ဆီယမ်ရိမြို့က သီးသန့်​နေရာတခုရဲ့​နေထွက်ချိန်… ​

ကောင်းကင်ကနက်ပြာ​နေတယ်…

သူ့​အောက်က​ရေကန်ကြီးနှစ်ခုရဲ့မျက်နှာပြင်​တွေက မှန်နှစ်ချပ်လိုငြိမ်သက်​နေတယ်… ​

ရေကန်​တွေရဲ့နားမှာ​တော့ လူ​တွေ… တ​​ယောက်မှအသံမထွက်ဘဲ လက်ထဲကကင်မရာ​တွေ၊ ဖုန်း​​တွေကို ​မြှောက်လိုက် ချိန်လိုက်နဲ့… အားလုံးက အ​​ရှေ့ဖက်ကိုဘဲ ​မျှော်ကြည့်​နေကြတယ်…

ခဏအကြာမှာ မိုးကုပ်စက်ဝိုင်းက​နေ ​အလင်း​ဖျော့​ဖျော့​လေးတစလို​မျိုး ပေါ်လာတယ်… အဲ့ဒီအလင်းနဲ့အတူ ​မြင်ရတာက နက်ပြာပြာ​ကောင်းကင်နောက်ခံနဲ့ ကြာဖူးပုံစံ​မျှော်စင် ၅ ခုရဲ့​​ကောက်​​ကြောင်းပုံရိပ်နဲ့ သူ့​ရှေ့​ရေကန်ကြီး​တွေထဲက သူ့ရဲ့​ရောင်ပြန်ဟပ်ပုံရိပ်​တွေ… အဲ့ဒီအခိုက်အတန့်​လေးမှာ ‘ဓါတ်ပုံလှတယ်’ ဆိုတာထက်ပိုတယ်ဆိုတဲ့ခံစားချက်ကို အဲ့ဒီလူ​တွေရသွားကြတယ်…

အဲ့ဒီ​နေရာက အန်​ကောဝပ်ပါဘဲ…

အန်​ကောဝပ်က ကမ္ဘာ့အကြီးဆုံးဘာသာ​​ရေးအ​ဆောက်အအုံ… နှစ်​ပေါင်း ၉၀၀ ​ကျော်ကြာ အချိန်ရဲ့စမ်းသပ်မှု​တွေကို ဖြတ်သန်းခဲ့တဲ့ အ​ဆောက်အအုံ… ဒီဘက်​ခေတ်မှာ​တော့ က​မ္ဘောဒီးယားရဲ့အသည်းနှလုံး… တနိုင်ငံလုံးရဲ့ အမှတ်အသားဖြစ်လို့ အမျိုးသားအလံပေါ်မှာတောင် ဂုဏ်ယူစွာ ထင်ဟပ်နေတဲ့ အမွေအနှစ်…

Reclining Buddha statue at Angkor Wat
အန်​ကောဝပ်အတွင်းက ​လျောင်း​တော်မူဗုဒ္ဓရုပ်ပွား​​​တော်

ဒီနေရာကို စတင်တည်ဆောက်ခဲ့တာက ​အန်​ကော​ခေတ် ခမာအင်ပါယာရဲ့ ဘုရင် သုရယဝရ်မန် ဒုတိယ (Suryavarman II) ပါ… သုရယဝရ်မန် ဒုတိယက ခရစ်နှစ် ၁၁၁၃ (အခု ၂၀၂၆ က​နေ ​နောက်ပြန်​ရေတွက်ရင် လွန်ခဲ့တဲ့ ၉၁၃ နှစ်) မှာ နန်းတက်တယ်…မကြာခင်​လေးမှာဘဲ သူ့ရဲ့အာဏာ၊ ယုံကြည်မှုနဲ့ အန်​ကောအင်ပါယာရဲ့ အင်အားကို ကမ္ဘာက မြင်တွေ့နိုင်စေဖို့ အန်ကောဝပ်ကို တည်ဆောက်ဖို့ အမိန့်ပေးခဲ့တယ်…

​ဘုရား​ကျောင်းကို​ဆောက်လုပ်ဖို့လိုအပ်တဲ့​ ဧရာမသဲကျောက်တုံးကြီး​တွေကို မြို့ရဲ့​အ​ရှေ့​မြောက်ဘက်က ဖနွမ်ကူလန် (Phnom Kulen) ​တောင်မှာတူးပြီး အဲ့ဒီက​နေ ဆီယမ်ရိအထိ သယ်ယူရပါတယ်… အကွာအ​ဝေးက ကီလိုမီတာ ၄၀ ​ကျော် (၂၅ မိုင်​ကျော်)… ​တချို့ကျောက်တုံးကြီး​တွေက ​ပေါင်ချိန် ၃,၀၀၀ ​ကျော်အထိ​လေးလံပြီး အလွန့်ကိုကြီးမားပါတယ်… ဒီ​​နေ့​ခေတ်​တွေ့ရှိမှု​တွေအရ ​အဲ့ဒီ​ကျောက်တုံးကြီး​တွေကို ဖနွမ်ကူလန်​တောင်က​နေ ​အန်​ကောဝပ်ကို​ဆောက်လုပ်တဲ့​နေရာအထိ ရေလမ်းကိုသုံးပြီး ​မျှောချတယ်လို့ ဆိုပါတယ်… ​တကယ့်ကို မယုံနိုင်စရာ စွမ်း​ဆောင်မှုကြီးပါဘဲ! 

သံမဏိစက်ကြီးတွေ၊ အကြီးစားယန္တရား​တွေ မရှိသေးတဲ့ခေတ်မှာ လူသားတွေရဲ့ ဉာဏ်ပညာနဲ့ ဇွဲလုံ့လကြောင့် ဒီလိုအံ့မခန်းအဆောက်အအုံကြီး ပေါ်ပေါက်လာခဲ့တာကိုတွေးမိရင် ကျောက်တုံးတိုင်းက အသက်ရှိနေသလိုတောင် ခံစားရပါတယ်…

Vishnu statue at Angkor Wat
ကျောင်း​​တော်တွင်းက ဗိဿနိုးနတ်ရုပ်ထု

အန်​ကောဝပ်က အစပိုင်းမှာ ဗုဒ္ဓဘာသာ​ကျောင်း​တော်မဟုတ်ပါဘူး… ဟိန္ဒူနတ်ဘုရားတပါးဖြစ်တဲ့ ဗိဿနိုး (Vishnu) ရဲ့​ကျောင်း​​တော်အ​နေနဲ့ တည်​ဆောက်တာပါ… တည်​ဆောက်ပြီးစီး​​တော့လည်း မူလရည်ရွယ်ချက်အတိုင်း ဟိန္ဒူဘုရား​ကျောင်းကြီးအ​နေနဲ့ရှိ​နေခဲ့တာပါ…

အန်​ကောဝပ်ကို ချဥ်းကပ်တဲ့အခါ တံတားရှည်တစင်းကို ဖြတ်​လျှောက်ရပါတယ်… မသိရင် ဘုရား​ကျောင်းကြီးဆီကို သွား​နေတာထက် ဘုရင်တပါးရဲ့နန်း​တော်ဆီကို ဝင်​ရောက်​နေသလိုမျိုးပါဘဲ…

အန်​ကောဝပ်ရဲ့​လေးဖက်​လေးတန်ပတ်ပတ်လည်မှာ ​ကျုံးကြီးတခုရှိပါတယ်… ဗျက်အကျယ် မီတာ ၁၉၀ နီးပါးရှိတဲ့ အဲ့ဒီကျုံးက ဘုရား​ကျောင်းကြီးရဲ့အရွယ်အစားနဲ့ ဝင်းအကျယ်တို့နဲ့ အချိုးကျလိုက်ဖက်ညီ​နေပါတယ်… 

အဲ့ဒီကျုံးကြီးက ရိုးရိုးအလှဆင်ထားတာ မဟုတ်ပါဘူး… ဟိန္ဒူယုံကြည်ချက်အရ စကြဝဠာကို ဝန်းရံထားတဲ့ သမုဒ္ဒရာကို ကိုယ်စားပြုထားတာပါ…

Moats at Angkor Wat
ကျုံး​ကြီးဝန်းရံထားတဲ့ အန်​ကောဝပ်

ဆက်​လျှောက်ရင်း တံခါးကို ကျော်ပြီး အတွင်းပိုင်းကို ရောက်လာတဲ့အခါမှာ​​တော့ ကောင်းကင်ကို ထိုးတက်နေတဲ့ ကြာပန်းဖူးပုံစံ မျှော်စင်ငါးခုကို မြင်ရပါလိမ့်မယ်… ဒါတွေဟာ နတ်ဘုရားတွေ နေထိုင်ရာ မေရုတောင် (Mount Meru) (မြင့်မိုရ်​တောင်) ကို ကိုယ်စားပြုထားတာပါ… အလယ်မျှော်စင်က မြေပြင်ကနေ ၆၅ မီတာ​လောက် မြင့်တက်နေပါတယ်… ဒီ​နေရာမှာ အလယ်ဗဟိုကို မဏ္ဍိုင်ပြု​ဆောက်လုပ်တဲ့ ​ရှေး​ခေတ်ရဲ့မဏ္ဍလပုံစံစနစ်ကို ​တွေ့ရမှာပါ…

ဘုရားကျောင်းရဲ့နံရံ​တွေက ​ကျောက်သားထုအထူကြီး​တွေမို့ ​အမြဲတ​စေအေးစက်​နေပါတယ်… ဒါပေမယ့် အဲဒီကျောက်သားတွေပေါ်မှာ ထွင်းထားတဲ့ ဇာတ်လမ်းတွေက အသက်ဝင်နေတုန်းပါပဲ…

Khmer Bas-reliefs at Angkor Wat
အန်​ကောဝပ်မှာ ​တွေ့ရတဲ့ နံရံရုပ်ကြွများ

မီတာ ၈၀၀ နီးပါး ရှည်လျားတဲ့ အဲ့ဒီပန်းပုလက်ရာတွေထဲမှာ ဟိန္ဒူဒဏ္ဍာရီဖြစ်တဲ့ “နို့ပင်လယ်ကို မွှေနှောက်ခြင်း” (Churning of the Ocean of Milk) ဇာတ်ဝင်ခန်း၊ မဟာဘာရတ နဲ့ ရာမာယဏ ဇာတ်တော်တွေ၊ ဘုရင် သုရယဝရ်မန် ဒုတိယရဲ့ စစ်အင်အားပြ အခမ်းအနားတွေကို အသေးစိတ် ထွင်းထုထားပါတယ်…

နံရံတစ်လျှောက် လမ်းလျှောက်နေတဲ့အချိန်မှာ သမိုင်းစာအုပ်ကို ဖတ်နေတာ မဟုတ်ဘဲ၊ သမိုင်းထဲကို ကိုယ်တိုင် ဝင်ရောက်လျှောက်လှမ်းနေရသလိုပါဘဲ…

Bas-reliefs at Angkor Wat
အန်​ကောဝပ်မှာ ​တွေ့ရတဲ့ နံရံရုပ်ကြွများ

ဒါပေမယ့် အန်ကောဝပ်ရဲ့ ဇာတ်လမ်းက အောင်မြင်မှုတွေနဲ့ပဲ ပြီးဆုံးသွားတာ မဟုတ်ပါဘူး…

ခရစ်နှစ် ၁၁၇၇ မှာ ချမ်တပ်တွေ ဝင်ရောက်တိုက်ခိုက်တာခံခဲ့ရပြီး အန်ကောဒေသဟာ ကြီးမားတဲ့ ပျက်စီးမှုကို ကြုံခဲ့ရပါတယ်…

အဲဒီနောက် ၁၁၈၁ ခုနှစ်မှာ ဘုရင် ဇယဝရ်မန် သတ္တမ (Jayavarman VII) နန်းတက်လာပြီး အင်ပါယာကို ပြန်လည်တည်ဆောက်ခဲ့တယ်… Bayon၊ Ta Prohm စတဲ့ ယနေ့ခေတ် ကမ္ဘာကျော်ဘုရားကျောင်းတွေဟာလည်း အဲ့ဒီဘုရင်ရဲ့လက်ထက်မှာ ​ပေါ်​ပေါက်လာခဲ့တာပါ…

ဒီဘုရင်လက်ထက်ရဲ့ထူးခြားချက်ကြီးတခုက တ​လျှောက်လုံး ဟိန္ဒူဘုရားကျောင်းဖြစ်ခဲ့တဲ့ အန်ကောဝပ်ဟာ သူ့လက်ထက်မှာဘဲ ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ် ပြောင်းလဲသွားပါတယ်… အဲ့ဒီက​နေစပြီး ဒီခမာတိုင်းပြည်မှာ ဗုဒ္ဓဘာသာအသက်ဝင်လာလိုက်တာ ဒီနေ့ကာလ ဘုန်းတော်ကြီးတွေရဲ့ ပရိတ်ရွတ်ဖတ်သံတွေ၊ ဆုတောင်းသံတွေကြား​နေရတဲ့အထိပါဘဲ…

၁၄၃၁ ခုနှစ်မှာ​တော့ အယုဒ္ဓယနိုင်ငံက အန်ကောကို သိမ်းပိုက်ခဲ့တယ်… ခမာတော်ဝင်နန်းတော်က တောင်ဘက်ကို ပြောင်းရွှေ့သွားပေမယ့် အန်ကောဝပ်ကတော့ လူတွေ စွန့်ပစ်ခဲ့တဲ့ မြို့ပျက်ကြီးတစ်ခု မဖြစ်ခဲ့ပါဘူး… ဒေသခံတွေရဲ့ ကိုးကွယ်ရာ၊ ဆုတောင်းရာ၊ ယုံကြည်ရာအဖြစ် ဆက်လက် ရှင်သန်နေခဲ့တယ်။

နောက်ပိုင်း ၁၈၆၀ ခုနှစ်မှာ ပြင်သစ်သဘာဝလေ့လာရေးပညာရှင် Henri Mouhot ရဲ့ ခရီးသွားမှတ်တမ်းတွေကြောင့် အန်ကောဝပ်ဟာ အနောက်ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ်… ဒီဘုရားကျောင်းဟာ ဒေသခံခမာလူမျိုးတွေအတွက်တော့ ဘယ်တုန်းကမှ “မပျောက်ဆုံး” နေခဲ့ပါဘူး…

Three Khmer Devatas at Angkor Wat
ခမာဟန်နဲ့ နတ်သမီး ၃ ပါး နံရံရုပ်ကြွ

ဒီနေ့…

မနက်ခင်း နေထွက်ချိန်မှာ ရေကန်ဘေးကနေ ရပ်ကြည့်နေတဲ့သူတွေထဲမှာ နိုင်ငံပေါင်းစုံက ခရီးသွားတွေ ရှိမယ်။

တချို့က ကင်မရာကို ကိုင်ထားတယ်။

တချို့က ဖုန်းကို မြှောက်ထားတယ်။

ဒါပေမယ့် နေခြည်က မျှော်စင်တွေအပေါ် ဖြည်းဖြည်းချင်း လင်းလာတဲ့အခိုက်အတန့်မှာ အားလုံးရဲ့လက်တွေက အလိုလို ငြိမ်သက်သွားတတ်တယ်။

ဘာကြောင့်လဲဆိုတော့…

တချို့နေရာတွေက ဓာတ်ပုံရိုက်ဖို့ သွားရတာ မဟုတ်ဘူး။

ကိုယ့်ဘဝမှာ တစ်ခါတော့ မျက်စိနဲ့ ကိုယ်တိုင် မြင်ဖူးဖို့ သွားရတာ။

အန်ကောဝပ်က အဲဒီလို နေရာမျိုးပါ။

တစ်ရက်တာ ခရီးစဉ်အဖြစ် သွားခဲ့ရင်တောင်၊ ပြန်လာတဲ့အခါ ကိုယ်နဲ့အတူ ပြန်ပါလာတာက ဓာတ်ပုံတွေတင် မဟုတ်ပါဘူး…

နှစ်ပေါင်းကိုးရာကျော် သမိုင်းတစ်ခုရဲ့ အသက်ရှူသံကို ကိုယ်တိုင် ကြားခဲ့ရတဲ့ အမှတ်တရတစ်ခုပါပြန်ပါလာတာကို ခံစားကြည့်ရင် သိနိုင်ပါလိမ့်မယ်…

Angkor Wat, a must-visit place in Siem Reap and Cambodia
UNESCO ကမ္ဘာ့ယဥ်​ကျေးမှုအ​မွေအနှစ်စာရင်းဝင် အန်​ကောဝပ်
Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.