ဗီယက်နမ်နိုင်ငံ (Vietnam) ဟာ အရှေ့တောင်အာရှမှာ လည်ပတ်လို့အကောင်းဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုပါ…
တစ်ချိန်က အင်ဒိုချိုင်းနား (Indochina)လို့ ခေါ်ခဲ့ကြတဲ့ ဒီနိုင်ငံမှာ ကမ်းရိုးတန်းအလှကြွယ်ဝပါတယ်… လှပသာယာတဲ့ကမ်းခြေတွေလည်း မနည်းလှပါဘူး… သူထိစပ်နေတဲ့ပင်လယ်က ပစိဖိတ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ် (South China Sea) ပါ… ထူးခြားတာက ဗီယက်နမ်ရဲ့ကမ်းခြေတွေမှာတွေ့ရတဲ့ ပင်လယ်ရေက နောက်ကျိနေတာမရှိဘဲ အရမ်းလှပပါတယ်…
အရှေ့တောင်အာရှမှာ ဗီယက်နမ်က တမျိုးတဖုံလေးကွဲထွက်နေပါတယ်… သူ့ယဥ်ကျေးမှုက အရှေ့တောင်အာရှဆန်တယ်… လူတွေက ဖော်ရွေကြတယ်… ပြောရဆိုရမခက်ဘဲ သဘောထားပျော့ပြောင်း (flexible ဖြစ်) ကြတယ်… သူတို့ရဲ့နေထိုင်မှု၊ အိမ် အဆောက်အအုံဒီဇိုင်းတွေနဲ့ အနုပညာယဥ်ကျေးမှုတွေတိုင်းမှာ အရှေ့တောင်အာရှဆန်တဲ့ ပုံဖော်မှုတွေ၊ ပုံရိပ်တွေထင်ဟပ်နေတယ်… ဒါကြောင့်မို့လည်း ဒီနိုင်ငံကို ကမ္ဘာအနှံ့ကလူတိုင်း အရမ်းစိတ်ဝင်စားပြီး အလည်သွားချင်ကြ စူးစမ်းလေ့လာချင်ကြတာပါ…
ဒါပေမယ့် ဗီယက်နမ်ရဲ့သမိုင်းမှာတော့ ပြင်ပကမ္ဘာရဲ့ရောစွက်မှုတွေ ဟိုတစ်ကွက် ဒီတကွက်ရှိနေပါတယ်… ရှေးအတိတ်ပဝေသဏီမှာ ဗီယက်နမ်ဆိုတာမရှိဘဲ ရှေးခေတ်တရုတ်ပြည်ရဲ့ လက်အောက်ခံနယ်မြေကြီးတစ်ခုအနေနဲ့ နှစ်ပေါင်းတစ်ထောင်နီးပါး.ရှိနေခဲ့တာပါ… အဲဒီကနေမှ လွန်ခဲ့တဲ့နှစ် ၁,၀၀၀ ကျော်ကျော်မှာ တရုတ်ပြည်ရဲ့လွှမ်းမိုးမှုကနေရုန်းထွက်ခဲ့ပါတယ်… ဒါပေမယ့် တရုတ်ရဲ့ရိုးရာတွေ၊ ယဥ်ကျေးမှုတွေက ဗီယက်နမ်မှာ အများကြီးကျန်နေခဲ့တာ အခုကာလအထိပါဘဲ…
အဲ့ဒီနောက်ပိုင်းမှာ ဗီယက်နမ်အနေနဲ့ ပဒေသရာဇ်ကာလကို နှစ်ပေါင်းရာချီဖြတ်သန်းပြီး ၁၈၈၇ ခုနှစ် (၁၉ ရာစု) မှာ ပြင်သစ်လက်အောက်ကို ကျရောက်ခဲ့ပါတယ်… မြန်မာပြည်က ၁၈၈၅ မှာ ဗြိတိသျှကိုလိုနီဖြစ်တာဆိုတော့ အချိန်ကာလအတူတူလောက်မှာဘဲ အဲ့ဒီခေတ် ဥရောပစူပါဝါကြီးတွေရဲ့ အုပ်ချုပ်မှုအောက်ကို ကျရောက်ကြတာပါ… ၁၉ ရာစုနဲ့ ၂၀ ရာစုရဲ့ ဥရောပကိုလိုနီဘဝနဲ့ခေတ်ထဲမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကိုလိုနီယဥ်ကျေးမှုနဲ့ တလွန့်လွန့်ရှင်သန်နေဆဲ ရိုးရာယဥ်ကျေးမှုတွေ ပူးပေါင်းပြီး ခေတ်သစ်ဗီယက်နမ်ရဲ့ ရုပ်သွင်ပေါ်လာပါတယ်… မြန်မာပြည်လည်း အဲ့ဒီအတိုင်းဖြစ်ခဲ့ပါတယ်…
ဗီယက်နမ်ဟာ ဒုတိယကမ္ဘာစစ်မှာပါခဲ့တယ်… ပြင်သစ်ဆီကနေ လွတ်လပ်ရေးကို ၁၉၅၄ မှာရတယ်… ရပြီးတာနဲ့ ၁၉၅၅ မှာ အင်မတန်ဆိုးရွားလွန်းတဲ့ ဗီယက်နမ်စစ်ပွဲ (Vietnam War) စဖြစ်ပွါးတယ်… အဲ့ဒီစစ်ပွဲက နှစ် ၂၀ ကြာပြီး ၁၉၇၅ မှာမှ အဆုံးသတ်တယ်… စစ်ပြီးကာလနဲ့ စစ်ပွဲအလွန်ကာလတလျှောက်လုံးမှာ ထူထူထောင်ထောင်ဖြစ်ဖို့ပြန်ကြိုးစားတာက နှစ် ၂၀ မက ကြာခဲ့တယ်… အခုခေတ်မှာတော့ ဗီယက်နမ်က ပြန်လန်းနေပါပြီ…
လှပလွန်းတဲ့ဒီနိုင်ငံမှာ အချိုးအကွေ့များပြားလွန်းလှတဲ့ သမိုင်းတွေရှိခဲ့တာ အံ့သြစရာပါဘဲ… နိုင်ငံက သမိုင်းအထပ်ထပ်အလွှာလွှာနဲ့ ရင့်ကျက်ခဲ့သလိုဘဲ ဗီယက်နမ်မှာ သမိုင်းနဲ့သက်တမ်းရင့်လှတဲ့ မြို့တွေအများကြီးပါဘဲ… ဒါ့အပြင် ဒီနေ့ခေတ်ရာစုသစ်မှာ ဗီယက်နမ်ရဲ့တိုးတက်မှုအဟုန်က အံ့မခန်းဖြစ်နေပါတယ်… ဒါကြောင့်မို့ သွားရောက်လည်ပတ်သူတွေအဖို့ အပန်းဖြေခရီးတင်မကဘဲ ဗဟုသုတရစရာတွေလည်း ပေါများလှပါတယ်…
အစားအစာဆိုရင်လည်း ဗီယက်နမ်အစားအသောက်တွေက အမျိုးအစားများပြားပြီး ထူးခြားတယ်… Pho လို့ခေါ်တဲ့ ခေါက်ဆွဲပြုတ်က ဗီယက်နမ်ရဲ့ ပြည်တွင်းအစားအစာတစ်မျိုးပါ… အသံထွက်က ‘ဖို’ မဟုတ်ဘဲ ‘ဖာရ်’ လိုမျိုး အသံပေါ့ပေါ့ထွက်ကြပါတယ်… Pho က ဆန်ခေါက်ဆွဲရယ် ဝက်ခြေထောက်ရိုးရယ် အသားပြားနဲ့အသားလုံးတချို့ရယ်နဲ့ ဟင်းရွက်တွေရယ်ကို ရောထားတဲ့ ခေါက်ဆွဲပြုတ်ပါ… အရသာက ခပ်ပေါ့ပေါ့နဲ့ စားလို့ကောင်းပါတယ်…
Pho လိုမျိုးဘဲ Bun ဆိုတဲ့ ဆန်ကြာဆံရယ် အသားရယ် အရွက်တချို့ရယ် မြေပဲဆန်နည်းနည်းရယ်နံ့လုပ်ထားတဲ့ အစားအသောက်လည်းရှိပါသေးတယ်… Bun က တစ်မျိုးမကဘဲ အမျိုးအစားအများကြီးနဲ့ အရသာအမျိုးမျိုးရှိပါတယ်…
နံနက်ခင်းတွေမှာ အတော်များများစားကြတာက အမဲသားကိုထောပတ်နဲ့ကြော်ထားတာကို ကြက်ဥကြော်နဲ့တွဲပြီး ပေါင်မုန့်လုံးရှည်ထဲ ထည့်ညှပ်စားကြတာပါ… စားတဲ့အခါ မအီရလေအောင် ဆလပ်ရွက်ကိုပါရောပြီးစားကြပါတယ်… အတော်လေးစားကောင်းပြီး အာဟာရပြည့်ဝတဲ့အစားအသောက်ပါဘဲ…
ထမင်းကိုတော့ COM (ကွန် လို့အသံမထွက်ကြဘဲ ကောန်း လို့အသံထွက်ကြပါတယ်) လို့ခေါ်ကြပြီး အသားပြားနှပ် သို့မဟုတ် ဟင်းတွေနဲ့စားကြပါတယ်… ဗီယက်နမ်နိုင်ငံက အစားအသောက်အမယ် အရမ်းစုံလင်တဲ့တိုင်းပြည်ပါဘဲ… အစားအစာတိုင်းမှာ ဘုံတူညီတာတစ်ခုက ဟင်းသီးဟင်းရွက်တွေပါဝင်တာပါဘဲ… ဗီယက်နမ်လူမျိုးတွေက ဟင်းသီးဟင်းရွက်အရမ်းစားကြပါတယ်… အဲ့ဒါကြောင့် ဗီယက်နမ်မှာ အဝလွန်နေတဲ့သူတွေ ဝနေတဲ့သူတွေ မတွေ့ရသလောက်ပါဘဲ… လူတိုင်းက ခပ်သွယ်သွယ်တွေများပါတယ်…
ဒီနိုင်ငံမှာ တွေ့ရများတာတစ်ခုက ကော်ဖီဆိုင်တွေပါ… ဆိုင်တွေများသလောက် ကော်ဖီကြိုက်သူပေါတဲ့ နိုင်ငံပါဘဲ… ကော်ဖီကိုစိုက်ပျိုးထုတ်လုပ်မှုကလည်း ကမ္ဘာမှာ ဘရာဇီးနိုင်ငံပြီးရင် ဒုတိယအများဆုံးလို့ဆိုပါတယ်… ကော်ဖီကိုလည်း အမျိုးမျိုးလုပ်သောက်တဲ့တိုင်းပြည်ပါ… ထူးခြားလှတဲ့ကြက်ဥကော်ဖီ (egg coffee)၊ တခြားမှာမကြားဖူးတဲ့ အုန်းသီးကော်ဖီ (conunut coffee)၊ ခပ်ဆန်းဆန်းဖြစ်တဲ့ ဆားကော်ဖီ (salt coffee)၊ တမူထူးတဲ့ ဒိန်ချဥ်ကော်ဖီ (yoghurt coffee) စသဖြင့် ကော်ဖီအမျိုးမျိုးစုံလင်လှပါတယ်…
အဲ့ဒီအပြင် လက်ဖက်ခြောက်နံ့မွှေးနေတဲ့ ရေနွေးကြမ်းထဲကို ရေခဲတုံးလေးတွေထည့်ပြီး သောက်ကြတာကလည်း နေရာတိုင်းလောက်မှာပါဘဲ… ရိုးရှင်းပြီး သောက်လို့ကောင်းပါတယ်… Admin တော့ အဲ့ဒီ ရေနွေးအေးအေးကို အရမ်းကြိုက်ပါတယ်…
လည်ပတ်ဖို့အတွက် ဗီယက်နမ်ရဲ့ Top Highlight တွေက နိုင်ငံရဲ့မြောက်ပိုင်းမှာ ဟနွိုင်း (Hanoi) မြို့နဲ့ သူ့ပတ်ဝန်းကျင်နယ်မြေတွေထဲက ဟလောင်းဘေး (Ha Long Bay)ရယ်၊ ရှုခင်းအရမ်းလှပြီးအရမ်းသာယာတဲ့ Sa Pa နဲ့ Ninh Binh ရယ်ရှိပါတယ်… Hanoi က မြို့တော်ပီပီ မြို့ကြီးတယ်… သမိုင်းကြောင်းအရမ်းအားကောင်းတယ်… Sa Pa က တောင်ပေါ်တိုင်းရင်းသားတွေရဲ့ဌာနေဖြစ်ပြီး ပတ်ဝန်းကျင်အလှများပြားတယ်… Ha Long Bay နဲ့ Ninh Binh က UNESCO ရဲ့ world Heritage စာရင်းဝင်နေရာတွေမို့ ဗီယက်နမ်ရဲ့ ထိပ်တန်းနာမည်ကြီးတွေပါ…
နိုင်ငံအလယ်ပိုင်းဇုံက ဟွေးမြို့ (Hue)၊ Da Nang မြို့နဲ့ ဟွိုင်းအန်းမြို့ (Hoi An) တို့ကလည်း ဗီယက်နမ်ရဲ့ Top Highlight တွေပါ… Hue က ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ ဗီယက်နမ်ကိုကြီးစိုးခဲ့တဲ့ Nguyen Dynasty (ငွေ့ယင်မင်းဆက်) တွေရဲ့ နန်းတော်မြို့၊ အဲ့ဒီခေတ်ဗီယက်နမ်ရဲ့မြိုတော်ဖြစ်ခဲ့တယ်… လေ့လာစရာ လည်ပတ်စရာများတယ်… Da Nang မှာက ၂၁-ရာစု ဗီယက်နမ်ရဲ့တိုးတက်မှုသရုပ်ကိုမြင်နိုင်တယ်… အဲ့ဒီအပြင် Da Nang မှာ သိပ်လှတဲ့ကမ်းခြေတွေရှိတယ်… Hoi An ကတော့ သိပ်လှတဲ့ Old Town ကို ပိုင်ဆိုင်ထားတဲ့မြို့ပါ… ဗီယက်နမ်မှာ အရမ်းနာမည်ကြီးတဲ့ Golden Bridge ရှိတဲ့ Ba Na Hills ကို ဟွိုင်းအန်းကဖြစ်ဖြစ် ဒါနန်းမြို့ကဖြစ်ဖြစ် သွားလို့ရတယ်… Hue နဲ့ Hoi An မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတွေရှိတယ်…
တောင်ဘက်မှာဆို မလည်မဖြစ်လည်ရမှာက Ho Chi Minh City (ဟိုချီမင်းမြို့) နဲ့ Dalat မြို့… ဟိုချီမင်းမြို့က ဗီယက်နမ်ရဲ့မြို့တော်တော့မဟုတ်ဘူး… ဒါပေမယ့် နိုင်ငံမှာ လူဦးရေအများဆုံးမြို့… မြို့တော်ဟနွိုင်းလိုမျိုး ပြင်သစ်ကိုလိုနီခေတ်လက်ကျန်တွေနဲ့ ဒီနေ့ခေတ်သစ်ရဲ့ ဖြစ်ထွန်းလာနေတဲ့ အသစ်အသစ်တွေ အရှိန်အဟုန်နဲ့ဆုံစည်းရာမြို့… ဟိုချီမင်းမြို့မှာက ပြတိုက်တွေကြည့်လို့ကောင်းတယ်… သူနဲ့မလှမ်းမကမ်းက ကူချီဥမင်တွေ (Cu Chi Tunnels) တွေက လေ့လာသင့်တဲ့နေရာ…
Dalat မြို့က ထင်းရှူးပင်တွေရဲ့ကြီးစိုးရာ တောင်ပေါ်မြို့… အမြဲလိုလို အရမ်းအေးမြတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပြီး နေရာတကာမှာ ပန်းတွေ အပင်တွေနဲ့ လှချင်တိုင်းလှနေတဲ့မြို့… သူ့မှာလည်း လည်ပတ်စရာအရမ်းပေါတယ်…
ဗီယက်နမ်မှာက လည်စရာတွေအခုပြောခဲ့တာတွေအပြင် နောက်ထပ်အများကြီးရှိပါသေးတယ်… 1972 ခုနှစ် ဗီယက်နမ်စစ်ကာလမှာ အမေရိကန်စာရေးဆရာ Paul Theroux (ပေါလ်သရိုး) က ဗီယက်နမ်ကိုသွားလည်ပါတယ်… အဲ့ဒီခရီးစဥ်မှာ သူကမြန်မာပြည်ကိုလည်း လည်ခဲ့ပါသေးတယ်… ဗီယက်နမ်မှာ သူက Hue ကနေ Da Nang ကို ရထားစီးရင်း ဗီယက်နမ်က သိပ်လှပလွန်းတာကို သူ့ရဲ့ နာမည်ကျော် The Great Railway Bazaar စာအုပ်မှာ ဖော်ပြခဲ့ပါတယ်… ဟုတ်ပါတယ်… ဗီယက်နမ်က အရမ်းကိုလှပပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
2024
Mosaic Indochina
I
All rights reserved.