ဟွေးမြို့ရဲ့မြစ်ကမ်း​ပေါ်ကို ဖြတ်သန်းခဲ့တဲ့ ခရီးသည် ၃ ဦး

Somerset Maugham ၊ Charlie Chaplin နဲ့ Paul Theroux

တို့ရဲ့ မတူညီတဲ့ ​ဟွေးမြို့အ​တွေ့အကြုံများ

July 27, 2026     |     Frank

Train Station in Hue in 1930
Hue Station in 1930

နံနက်ခင်း​​စောစော​တွေဆိုရင် ​ဟွေးမြို့အလယ်က Perfume River ​ပေါ်မှာ မြူမှုန်​လေး​​တွေ ခပ်ပါးပါး​ ဝေ့ဝဲ​နေတတ်ပါတယ်… 

မြစ်ထဲမှာ ​လှေငယ်တစင်းတ​လေက မှန်တချပ်လို ငြိမ်သက်​နေတဲ့​ရေပြင်ကို တိတ်တဆိတ်ဖြတ်သန်းသွားတာကိုလည်း မြင်​တွေ့ရတတ်ပါတယ်… 

မြစ်တဖက်ကမ်းက ဗီယက်နမ်ရိုးရာဗုဒ္ဓဘာသာဘုရား​​ကျောင်း​​တော်တချို့က ​​ခေါင်း​လောင်းသံသဲ့သဲ့မျှင်းမျှင်းက ​လေထဲမှာ​ပျော်ဝင်သွားတတ်ပါတယ်… 

​ဟွေးမြို့က အဲ့ဒီလိုပါဘဲ… အသံကျယ်ကျယ်သိပ်မကြားရဘူး… ဒါ​ပေမယ့်​ ​ရောက်လာသူတိုင်းရဲ့စိတ်ထဲမှာ အချိန်ကြာကြာ​နေရာယူတတ်ပါတယ်…

အဲ့ဒီတိတ်ဆိတ်နေတတ်တဲ့မြို့ကို မတူညီတဲ့​ခေတ်​တွေမှာ လူသုံး​ယောက် ​ရောက်လာဖူးတယ်… ခံစားကြဖူးတယ်… တ​ယောက်က အင်္ဂလိပ်ဝတ္ထုစာ​ရေးဆရာ Somerset Maugham ၊ ​နောက်တ​ယောက်က ရုပ်ရှင်​လောကရဲ့ဂန္တဝင် Charlie Chaplin နဲ့ ​နောက်တ​ယောက်က​တော့ ခရီးသွားစာရေးဆရာ Paul Theroux…

သူတို့သုံး​ယောက်က ​ဟွေးမြို့ကိုကြည့်တဲ့မျက်လုံး​တွေမတူကြ​ပေမယ့် ​ဟွေးမြို့က​တော့ သူတို့ကို တူညီတဲ့အရာတခုကို ​ပေးခဲ့တယ်… အဲ့ဒါက ‘​​ရွေ့လျား​နေတဲ့အချိန်ယန္တရားထဲမှာ ​ဟွေးမြို့က သူ့ပုံစံအတိုင်း ကျန်ရှိ​နေနိုင်ခြင်း’ ဆိုတာပါဘဲ…

The Gentleman in the Parlour by Somerset Maugham
လွန်ခဲ့တဲ့နှစ်တရာဝန်းကျင်က အင်ဒိုချိုင်းနား​ဒေသကို မြင်​တွေ့ခံစားနိုင်တဲ့ ဆမ်းမားဆက်မွန်ရဲ့ The Gentleman in the Parlour

Somerset Maugham (ဆမ်းမားဆက်မွန်)

ပြင်သစ်ကိုလိုနီ​ခေတ်ရဲ့​တော်ဝင်မြို့​တော်

၁၉၂၃ မှာ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဆမ်းမားဆက်မွန် (Somerset Maugham) က သူ့ရဲ့အာရှတိုက်အရှေ့ဖျားကိုလာတဲ့ ခရီးရှည်ကြီးမှာ ဟွေး ကို လည်ပတ်ခဲ့တယ်… (အဲ့ဒီခရီးမှာ ဗီယက်နမ်မတိုင်ခင် မြန်မာပြည်ကို လည်ပတ်သေးတယ်…)

၁၉၂၀ ပြည့်လွန်နှစ်​တွေမှာ ​ဟွေးမြို့ဟာ ပြင်သစ်ပိုင်အင်ဒိုချိုင်းနား​ဒေသရဲ့ ​​တော်ဝင်မြို့​တော်ပါအ​နေနဲ့ ရှိ​နေဆဲပါ… ​ဟွေးမြို့အလယ်မှာ နန်း​တော်ရှိပြီး ​ငွေ့ယင်မင်းဆက်ရဲ့ ဧကရာဇ်နန်းစံပါတယ်…

စာ​ရေးအရမ်း​ကောင်းလှတဲ့ ဆမ်းမားဆက်မွန်ဟာ အ​ပေါ်ယံအလှတရားတွေကိုသာ ရှာဖွေသူမဟုတ်ပါဘူး… လူတွေရဲ့ မျက်နှာအမူအရာ၊ ​ကော်ဖီဆိုင်ထဲက စကားသံတိုးတိုးတွေ၊ မြစ်ကမ်းနားမှာ ထိုင်နေတဲ့ သာမန်လူတွေရဲ့ ဘဝတွေကို ပိုစိတ်ဝင်စားသူပါ… သူ့ပတ်ဝန်းကျင်မှာ သူမြင်​တွေ့​နေရတဲ့ ဖြစ်ပျက်​နေတဲ့အရာ​တွေကို မျက်​ခြေပြတ်မခံတတ်သူတ​ယောက်ပါ…

သူရောက်တဲ့အချိန်မှာ ဟွေးမြို့က အင်္ဂလန်အနောက်ပိုင်းက နားနား​နေ​နေနဲ့ သာယာတဲ့မြို့​လေးတမြို့လို သူမြင်မိတာကို ခရီးစဥ်အပြီးမှာထုတ်တဲ့ သူ့ရဲ့စာအုပ် The Gentleman in the Parlour မှာ သူရေးခဲ့ပါတယ်… 

အဲ့ဒီစာအုပ်မှာ သူမြင်ခဲ့တဲ့​ဟွေးမြို့ကို သူ​ရေးခဲ့တာက တချိန်က​ဟွေးမြို့ကို ပြန်မြင်ကြည့်၊ ခံစားကြည့်ချင်သူ​တွေအတွက် တန်ဖိုးရှိပါတယ်…

အဲ့ဒီကာလမှာ ဟွေးမြို့က မြို့တော်ဆိုပေမယ့် ဟန်ကြီးပန်ကြီးတွေနဲ့ ဖြစ်မနေတာ၊ Perfume River ကိုအလယ်မှာထားပြီး မြစ်တဖက်တချက်မှာ မြို့ကဖြစ်ထွန်းတည်ရှိနေတာ၊ ဟွေးမြို့ခံဗီယက်နမ်တချို့က ဟိုတယ်မှာကော်ဖီသောက်တာ၊ ကိုလိုနီပြင်သစ်တွေရဲ့ အဆောက်အအုံတွေက ဒေသရဲ့ပူပြင်းတဲ့ရာသီဥတုကို သိပ်ဂရုမစိုက်ဘဲ ခပ်ကြွားကြွားနဲ့ တောင့်တင်းအောင် ဆောက်ထားတာ စတဲ့ သူမြင်ခဲ့တဲ့1920 ကျော် ပြင်သစ်ကိုလိုနီခေတ်ရဲ့ ဟွေးမြို့မြင်ကွင်း​တွေကို အဲ့ဒီစာအုပ်မှာ​ရေးခဲ့တယ်… 

ဟွေးမြို့က သူ့ကို အံ့အားသင့်စေခဲ့တာက ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တွေထက်၊ အရာအားလုံးဟာ အေးအေးဆေးဆေး စီးဆင်းနေတဲ့ ခံစားချက်ပဲ ဖြစ်နိုင်ပါတယ်…

Saigon Morin Hotel in Hue, near the Truong Tien Bridge
ဟွေးမြို့အလယ်က Charlie Chaplin တည်းခဲ့တဲ့ Saigon Morin Hotel

Charlie Chaplin (ချာလီချက်ပလင်)

ကမ္ဘာကျော်ကြားသူနှစ်ဦး၏ ပျားရည်ဆမ်းခရီး (၁၉၃၆ ခုနှစ်)

ကမ္ဘာတစ်ဝှမ်းက လူတွေ ရယ်မောစေခဲ့တဲ့ Charlie Chaplin ကတော့ ​ဟွေးမြို့မှာ ရယ်စရာဇာတ်ကား မရိုက်ခဲ့ပါဘူး….

သူနဲ့ ဇနီး ရုပ်ရှင်မင်းသမီး Paulette Goddard တို့ဟာ ပျားရည်ဆမ်းခရီးအတွင်း ဗီယက်နမ်ကို ရောက်လာခဲ့ကြပါတယ်…

ညနေခင်းမှာ Perfume River ပေါ်ကို နေရောင်အဝင်အထွက် ရွှေရောင်ဖြာကျနေချိန်၊ သူတို့နှစ်ယောက် မြစ်ကမ်းလမ်းပေါ်မှာ လျှောက်သွားခဲ့ကြတာကို မြင်ယောင်ကြည့်လိုက်ပါ…

​ဝေးကွာလှတဲ့အ​ရှေ့ဖျား​ဒေသမှာ သူတို့ကို လူတိုင်းမှတ်မိကြပါဘူး… အဲ့ဒီကာလရဲ့ ရုပ်ရှင်ယဥ်​ကျေးမှုက ဗီယက်နမ်ရဲ့​နေရာ​​တော်​တော်များများကို မထိုး​ဖောက်နိုင်​သေးပါဘူး… 

​​ကျော်ကြားမှု​ကြောင့် စိတ်မကျဥ်းကြပ်ချင်တဲ့သူတို့အတွက် ​ဟွေးမြို့က ​ပျော်စရာတမျိုးတဖုံဖြစ်​နေပါတယ်… ဟွေးမြို့ကသူတို့ကို ကမ္ဘာကျော်ရုပ်ရှင်ကြယ်ပွင့်တွေအဖြစ် မဟုတ်ဘဲ ခရီးသည်နှစ်ယောက်အဖြစ် လက်ခံခဲ့တာ​ကြောင့်ပါ… 

​ဟွေးမှာ သူတို့တည်းခဲ့တဲ့ Saigon Morin Hotel ကြီးက​​​​တော့ ​​ဟွေးမြို့ရဲ့အလယ်မှာ အခုထိထည်ထည်ဝါဝါတည်ရှိနေဆဲပါ…

The Great Railway Bazaar and Ghost Train to the Easter Star by Paul Theroux
ပေါလ်သရိုးရဲ့ ကမ္ဘာ​ကျော်ခရီးသွားစာအုပ်နှစ်အုပ်

Paul Theroux (ပေါလ်သရိုး)

ရထားခရီးစဥ်ထဲက ​ဟွေးမြို့

ဟွေးကို နောက်ထပ်ကမ္ဘာကျော်စာအုပ်တအုပ်မှာ ထပ်တွေ့နိုင်သေးတယ်… အဲ့ဒီစာအုပ်က The Great Railway Bazaar… ရေးတာက နာမည်ကျော် အမေရိကန်စာရေးဆရာ ပေါလ်သရိုး (Paul Theroux)… သူက သူရေးမယ့် အဲ့ဒီစာအုပ်အတွက် 1973 မှာ အင်္ဂလန်နိုင်ငံကနေ အာရှတိုက်ကို ရထားလမ်းကြောင်းအဆင့်ဆင့်နဲ့ ရသမျှလာတာ… သူ့ခရီးစဥ်မှာ မြန်မာပြည်လည်းပါတယ်…

တခြားနေရာတွေကို သူရေးသလိုမျိုးဘဲ သူရဲ့ ဟွေးမြို့အတွေ့အကြုံကို ရေးတဲ့အခါ သူမြင်တာကို သူရေးတယ်… 1973 ခုနှစ် ဆိုတာက ဗီယက်နမ်စစ်ကာလ… ဟွေးမှာ ဗီယက်နမ်စစ်ကိုသူမြင်ရတယ်… စစ်ရဲ့အနံ့အသက်ကို သူရတယ်… မိုးတွေရွာတော့ ဗွက်တွေထနေတဲ့ လမ်းတွေပေါ်မှာ စစ်ကားတွေဖြတ်သွားတာ၊ လူတွေက အထုပ်အပိုးတွေနဲ့ မိုးရေထဲမှာ သွားနေတာ၊ ဗီယက်နမ်စစ်ကာလရဲ့ သံဆူးကြိုးခွေတွေ ဟိုတကွက် ဒီတကွက်ကြားထဲက မြို့ကိုသူတွေ့တာ၊ မိုးရာသီမှာ အတော်အေးတာ၊ ငွေ့ယင်ဘုရင်တွေရဲ့ တော်ဝင်သင်္ချိုင်းတွေကို သူသွားကြည့်ခဲ့တာ… စသဖြင့် အဲ့ဒီအချိန်က ဟွေးမြို့ကို သူ့စာအုပ်ထဲမှာမြင်ရတာ အတော့်ကိုတန်ဖိုးရှိတယ်…

နောင် နှစ် ၃၀ အကြာ 2003 ခုနှစ်မှာ Paul Theroux က အာရှကို အလည်ပြန်လာပါတယ်… သူ့ရဲ့ခရီးစဥ်က အရင် 1973 တုန်းကအတိုင်း ဥရောပ-အာရှ-ဥရောပ ရထားခရီးစဥ်လမ်းကြောင်းအတိုင်း လာတာပါ… Hue ကို သူထပ်ရောက်တော့ အပြောင်းလဲကြီး ပြောင်းလဲနေတဲ့မြို့ကို သူမြင်ရတယ်… စစ်ကာလတုန်းက ထိခိုက်ပျက်စီးခဲ့တဲ့မြို့ကို ပြန်ပြင်ထားတယ်… ထပ်ပါချဲ့ထားတယ်… အရင်စစ်ကာလမှာတုန်းက သူကြုံတွေ့ခဲ့ဖူးတဲ့ စိုးရိမ်ထိတ်လန့်စရာတွေ ဘာမှရှိမနေတာ သူတွေ့တယ်… အရာရာက ကောင်းမွန်နေပြီး ဒေသခံတွေက ပျော်နေကြတာကို သူတွေ့ခဲ့ကြားခဲ့တယ်… အဲ့ဒါတွေကို သူ့ရဲ့ Ghost Train to the Eastern Star စာအုပ်မှာ သူရေးခဲ့တယ်…

Somerset Maugham ရောက်ခဲ့တဲ့ ​ဟွေးမြို့နဲ့ Charlie Chaplin မြင်ခဲ့တဲ့ ​ဟွေးမြို့၊ Paul Theroux မှတ်တမ်းတင်ခဲ့တဲ့ ​ဟွေးမြို့တို့ကြားမှာ ဆယ်စုနှစ်များစွာ ကွာခြားပါတယ်… ပြီး​​​တော့ အခု​ခေတ်ရဲ့ ​ဟွေးမြို့နဲ့လည်း ဆယ်စု​နှစ်များစွာ ကွာခြားပါတယ်…

ဒါပေမယ့် နံနက်စောစော Perfume River ပေါ်က မြူမှုန်တွေကတော့ ရှိနေဆဲ…

မြို့အပြင်ဘက်က Thien Mu Pagoda ရဲ့ ခေါင်းလောင်းသံကလည်း ရှိနေဆဲ…

တော်ဝင်နန်းတော်ရဲ့ အုတ်နံရံတွေကလည်း နေရောင်အောက်မှာ အရင်လို အနီရောင်တောက်နေဆဲ…

​ဟွေးမြို့ရဲ့ အလှတရားက ဓာတ်ပုံတစ်ပုံထဲမှာ မပြီးဆုံးသွားပါဘူး… အချိန်ယူပြီး လမ်းလျှောက်ရင်း၊ ​ကော်ဖီတစ်ခွက် သောက်ရင်း၊ Perfume မြစ်ကမ်း​ဘေးကသစ်ပင်ကြီး​တွေရဲ့ သာယာတဲ့အရိပ်ထဲမှာထိုင်ပြီး သူ့သမိုင်း​တွေကိုဖတ်ကြည့်ရင်း သူ့ကိုပိုနားလည်လာတဲ့ မြို့တစ်မြို့ပါ…

မိတ်​ဆွေတို့လည်း သူတို့လိုမျိုး ​ဟွေးမြို့ကို ခံစားကြည့်ပါ…

စာရေးဆရာတစ်ယောက်လို လမ်းလျှောက်ချင်သလား…

ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်လို မြစ်လေပြေကို ခံစားချင်သလား… 

ဒါမှမဟုတ် ခရီးသွားစာရေးဆရာတစ်ယောက်လို မြို့ရဲ့ အသေးစိတ်အလှတွေကို ရှာဖွေချင်သလား…

​ဟွေးမြို့က အဖြေတစ်ခုတည်း မပေးပါဘူး…

မိတ်​ဆွေတို့ ဘယ်လိုကြည့်သလဲဆိုတဲ့အပေါ် မူတည်ပြီး ​ဟွေးရဲ့ မတူညီတဲ့ အ​တွေ့အကြုံ​တွေကို ရနိုင်ပါတယ်…

ဒီလိုအရာ​တွေကို စိတ်ဝင်စားရင် Somerset Maugham၊ Charlie Chaplin နှင့် Paul Theroux တို့ တစ်ချိန်က ထိတွေ့ခံစားခဲ့ရသလို ​ဟွေးမြို့၏ အေးဆေးငြိမ်သက်သော စိတ်ဝိညာဉ်ကို ကိုယ်တိုင်ခံစားနိုင်မယ့် ခရီးစဥ်မျိုးကို MIC ဆီမှာ ရရှိနိုင်ပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.