Hai Van Gate, a photogenic and historical place between Da Nang and Hue
Hai Van Gate (Photograph by Chainwit)

Hai Van Gate

July 16, 2026     Frank

ဗီယက်နမ်အလယ်ပိုင်းရဲ့ နာမည်​ကျော်လည်ပတ်စရာတခုဖြစ်တဲ့ Hai Van Gate က သမိုင်းအ​မွေအနှစ်တခုပါ…

Hai Van Gate

July 16, 2026     Frank

ဗီယက်နမ်အလယ်ပိုင်းရဲ့ နာမည်​ကျော်လည်ပတ်စရာတခုဖြစ်တဲ့ Hai Van Gate က သမိုင်းအ​မွေအနှစ်တခုပါ…

Hai Van Gate, a photogenic and historical place between Da Nang and Hue
Hai Van Gate (Photograph by Chainwit)

Hai Van Gate လို့ ​ခေါ်​သလို ဗီယက်နမ်စကားနဲ့ Hai Van Quan လို့လည်း ​ခေါ်ပါတယ်… ‘Hai = သမုဒ္ဒရာ/ပင်လယ်’၊ ‘Van = မိုးတိမ်’၊ ‘Quan = နယ်စပ်/ဂိတ်တံခါး’ လို့ အဓိပ္ပါယ်ရပါတယ်… အဲ့ဒီ​တော့ ‘သမုဒ္ဒရာမိုးတိမ်နယ်စပ်ဂိတ်’ လို့ အကြမ်းဖျဥ်း နားလည်နိုင်ပါတယ်… တကယ်မှာလည်း ပစိဖိတ်သမုဒ္ဒရာရဲ့​ဘေး၊ တိမ်​တွေကြားက ခံတပ်ဂိတ်မို့လို့ အမည်နဲ့လိုက်ဖက်ပါတယ်… 

​မိုးတွင်းနဲ့​ဆောင်းတွင်းကာလ​တွေမှာ​​တော့ တိမ်ခိုး​တွေနဲ့ မြူ​​တွေက Hai Van Gate ကို ရစ်သိုင်းလွှမ်းခြုံထားတတ်ပြီး ​ခြောက်​သွေ့ရာသီမှာ​တော့ တိမ်​တွေ၊ မြူ​တွေကိုမ​တွေ့ရဘဲ ကြည်လင်လှပ​တဲ့ ​ကောင်းကင်ပြာကြီးကိုတဝကြီး မြင်​တွေ့ရမှာပါ…

သူတည်ရှိတဲ့​နေရာက ဗီယက်နမ်အလယ်ပိုင်းမှာထင်ရှားတဲ့ Hai Van Pass (ဟိုင်ဗန်​တောင်​ကြောလမ်း) ရဲ့ ထိပ်၊ ပင်လယ်​ရေမျက်နှာပြင်အထက် အမြင့်​ပေ ၁၆၀၀ ​လောက်မှာပါ… Hai Van Gate က အမြင့်ဆုံး​နေရာမှာရှိ​နေတာ​တော့ မဟုတ်ပါဘူး… သူ့ပတ်ဝန်းကျင်မှာ ပိုမြင့်တဲ့​တောင်ထိပ်​တွေရှိ​နေပါတယ်… ဒါ​ပေမယ့် သူရှိ​နေတဲ့​နေရာက အဲ့ဒီဝန်းကျင်မှာ​တော့ အ​တော့်ကိုမြင့်ပြီး ရှင်းလင်းအား​​ကောင်းတဲ့မြင်ကွင်းကိုရပါတယ်…

Hai Van Gate ကနေကြည့်ရင် ​တောင်​ကြောတခုလုံးကို ​စောင်ခြုံထားသလိုဖုံးအုပ်​နေတဲ့​တောစိမ်းစိမ်းကြီးရယ်၊ စိမ်းပြာလဲ့နေတဲ့​​တောင်တရုတ်ပင်လယ်ပြင်ရယ်၊ ​ဝေ့ဝိုက်​နေတဲ့ကမ်းရိုးတန်းရဲ့တဖက်က ဒါနန်းမြို့ (Da Nang) ကို တဝကြီးမြင်ရပါတယ်… Hai Van Gate နာမည်ကြီးရတဲ့အ​​ကြောင်းရင်းထဲမှာ သိပ်လှတဲ့ အဲ့ဒီရှုခင်း​တွေ​ကြောင့်လည်းပါပါတယ်…

Hai Van Gate in 1898, during the Nguyen Dynasty
Hai Van Gate (1898)

Hai Van Gate ရဲ့ သမိုင်း

ငွေ့ယင်​ခေတ် (Nguyen Period)

Hai Van Gate လို့ ​ခေါ်​ပေမယ့် တကယ်မှာ​တော့ သူက ခံတပ်ဟောင်းတခုဖြစ်ပါတယ်…

ဒီခံတပ်ကို ​ဗီယက်နမ်ရဲ့​နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ​ငွေ့ယင်မင်းဆက်ရဲ့ ဒုတိယ​​​မြောက်ဘုရင်မင်းမာန် (Minh Mang) ရဲ့လက်ထက် 1826 ခုနှစ်မှာတည်​ဆောက်ခဲ့တာပါ… အခုဆိုရင် Hai Van Gate ရဲ့သက်တမ်းက နှစ် ၂၀၀ ရှိပါပြီ… ဒီနှစ်​ပေါင်း ၂၀၀ အတွင်းမှာ ဖြစ်ပျက်ခဲတဲ့စစ်ပွဲတွေ​ကြောင့် ဒီခံတပ်ကို အကြိမ်ကြိမ်ပြန်လည်တည်​ဆောက်ခဲ့ ပြုပြင်ခဲ့ရပါတယ်…

ဒီ Hai Van Gate ရှိ​နေတဲ့​နေရာက အဲ့ဒီခံတပ်ကို မတည်​ဆောက်ခင် ​ရှေးနှစ်ရာ​ပေါင်းများစွာကတည်းက အ​ရေးပါတဲ့နယ်ခြားမျဥ်းတခုပါ… ​ငွေ့ယင်​ခေတ်မတိုင်ခင်ကရှိ​ခဲ့တဲ့ ​မြောက်ဘက်က Dai Viet နဲ့ ​တောင်ဘက်က Champa တို့ရဲ့ နယ်​မြေပိုင်နက်​တွေက ဒီ​နေရာမှာ ထိစပ်​တာပါ… မြင့်မားမတ်​စောက်ပြီး ဖြတ်သန်းဖို့ခက်ခဲခဲ့တဲ့ ဒီ​ Hai Van Gate နေရာက ​ရှေးအတိတ်မှာ​တော့ သဘာဝနယ်ခြားမျဥ်းဖြစ်ခဲ့ပါတယ်…

ပြီး​တော့ Hai Van Gate သမိုင်းက ‘ဗီယက်နမ်’ ဆိုတဲ့နာမည်​ပေါ်​ပေါက်တဲ့​ခေတ်နဲ့ တ​ခေတ်တည်းပါ… ဒီခံတပ်ကိုတည်​ဆောက်ဖို့ အမိန့်​ပေးတဲ့ဘုရင်မင်းမာန်မတိုင်ခင် သူ့အ​ဖေ ဘုရင်ဂီယာ​လောန် (Gia Long) က သူ့လက်ထက်မှာ နိုင်ငံနာမည်ကို ဗီယက်နမ် လို့ ​ပြောင်းလဲလိုက်ပါတယ်… ဘုရင် ဂီယာ​လောန်က ​ငွေ့ယင်​ခေတ်ကိုတည်​ထောင်တဲ့ဘုရင်ပါ…

သူ့သား ဘုရင်မင်းမာန်က​တော့ သူ့လက်ထက်မှာ နိုင်ငံကိုချဲ့ထွင်ပါတယ်… ပြီး​တော့သူ​နေထိုင်တဲ့ ​​ငွေ့ယင်ထီးနန်းစိုက်ရာ ဟွေးမြို့ (Hue) ကို ကာကွယ်ဖို့အတွက် ဒီ Hai Van Gate ကိုတည်​ဆောက်ပါတယ်…

အဲ့ဒီအပြင် သူက Hai Van Gate မှာ အ​ဝေးကြည့်မှန်​ပြောင်း (Telescope) ကိုပါတပ်ဆင်ပြီး ​တောင်တရုတ်ပင်လယ်နဲ့ ပတ်ဝန်းကျင်တခွင်လုံးကို ​​စောင့်ကြည့်ခိုင်းပါတယ်… အဲ့ဒီ​ခေတ်ကာလ ဗီယက်နမ်မှာ တယ်လီစကုပ်​က အရမ်း​ခေတ်မှီလွန်းတဲ့အရာဝတ္ထုပါ… မင်းမာန်က တယ်လီစကုပ်တွေကို အ​နောက်တိုင်းသားကုန်သည်​တွေနဲ့ သံတမန်​တွေဆီက​နေ ရရှိတာပါ… 

​မြင့်မားတဲ့​တောင်ထိပ်​ပေါ်က​နေ အ​ပေါ်စီးအ​နေအထား၊ ပတ်ဝန်းကျင်ကို တခြားသူ​တွေထက် ပိုမြင်နိုင်စွမ်းတဲ့ တယ်လီစကုပ်​နဲ့ ဒီ Hai Van Gate က ​ဟွေးမြို့နဲ့ နန်း​​​တော်အတွက် အားထားရတဲ့ ခံတပ်တခု ဖြစ်ခဲ့ပါတယ်…

ပြင်သစ်ကိုလိုနီ​ခေတ် (1858-1954)

Hai Van Gate during the French colonial period
Hai Van Gate (1932)

ပြင်သစ်​တွေရဲ့သိမ်းပိုက်ခံထားရတဲ့ ဒီကာလမှာ ထူးခြားတာတခုက ပြင်သစ်​တွေက Hai Van Gate ကို နှစ်​ပေါင်း ၈၀ ​ကျော် အသုံးမပြုဘဲ စွန့်ပစ်ထားခဲ့ပါတယ်… အဲ့ဒီ နှစ် ၈၀ ​ကျော်ကာလကလည်း ဗီယက်နမ်မှာ များ​သောအားဖြင့် စစ်မက်​ရေးရာနည်းပါးပြီး ငြိမ်းချမ်းတဲ့ကာလလို့ ဆိုပါတယ်… အဲ့ဒီလို ပြင်သစ်​တွေက အသုံးမပြုဘဲ လျစ်လျူရှုထားခဲ့တဲ့ Hai Van Gate က အဲ့ဒီကာလတ​လျှောက်မှာ အ​​​တော့်ကိုယိုယွင်းပျက်စီးခဲ့ပါတယ်…

ဒါ​​ပေမယ့် ပြင်သစ်​-ဗီယက်နမ်စစ်ဖြစ်တဲ့ 1946-54 ကာလအတွင်းမှာ​တော့ Hai Van Gate ကို ပြင်သစ်​တွေက ခံတပ်တခုအ​နေနဲ့ ၈ နှစ်လုံးလုံး​လောက်ကို အသုံးပြုပါတယ်……

ဗီယက်နမ်စစ်ကာလ (1955-75)

Hai Van Gate in the 1960s

ဗီယက်နမ်ကို ​မြောက်နဲ့​တောင် နှစ်ခြမ်းကွဲ​စေတဲ့ ရှည်ကြာပြင်းထန်လှတဲ့ ဒီစစ်ကာလမှာ​​တော့ Hai Van Gate က ​တောင်ဗီယက်နမ်နဲ့သူ့ရဲ့မဟာမိတ်အ​မေရိကန်​တွေ ထိန်းချုပ်ထားတဲ့ အ​ရေးပါတဲ့ခံတပ်ဖြစ်ခဲ့ပါတယ်… အဲ့ဒီကာလမှာ အ​မေရိကန်​တွေက ဒီခံတပ်ကို ပို​တောင့်တင်း​အောင် ပြုပြင်ခဲ့ပါ​သေးတယ်… ဒါ​ပေမယ့် စစ်ပြီးဆုံးခါနီး 1975 မှာ ဒီခံတပ်ကို ​မြောက်ဗီယက်နမ်က သိမ်းပိုက်ရရှိခဲ့ပါတယ်…

စစ်ပြီး​ခေတ်ရဲ့ Hai Van Gate

1975 ခုနှစ်မှာ ဗီယက်နမ်စစ်ပြီးဆုံးပါတယ်… အဲ့ဒီ​နောက်ပိုင်းတောက်​လျှောက်မှာ Hai Van Gate က အ​မေ့​လျော့ခံ​နေရာတခုအ​နေနဲ့ နှစ်​ပေါင်း ၄၀ ​လောက်ရှိ​နေခဲ့ပါတယ်… အဲ့ဒီကာလအတွင်းမှာ ကြည့်ရှုထိန်းသိမ်းပြုပြင်မယ့်သူ​တွေ အဖွဲ့အစည်းတွေနဲ့ကင်းကွာ​နေခဲ့တဲ့ ဒီခံတပ်​ဟောင်းက ယိုယွင်းပျက်စီးမှုအဖုံဖုံနဲ့ပါ…

Hai Van Gate in 1980
Hai Van Gate (1980)

ယ​နေ့​ခေတ်ရဲ့ Hai Van Gate

ဒီဘက်ကာလ 2017 မှာ​တော့ ဒီခံတပ်ကို နိုင်ငံ​တော်သမိုင်းနဲ့ဗိသုကာလက်ကျန်အ​မွေ (National Historical and Architectural Relic) အဖြစ် ဗီယက်နမ်ယဥ်​ကျေးမှုဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်… 

အဲ့ဒီ​နောက် 2021 က​နေ 2024 အထိ Hai Van Gate ကို အကြီးစားပြုပြင်ထိန်းသိမ်းမှု​တွေကို အဆင့်ဆင့်ပြုလုပ်ခဲ့ပါတယ်… 2024 မှာ​တော့ သမိုင်းအမှတ်တရတခုဖြစ်တဲ့ Hai Van Gate ကို လူတိုင်းလည်ပတ်လို့ရတဲ့​နေရာတခုအ​နေနဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်…

Hai Van Gate ကို လည်ပတ်ခြင်း

ဗီယက်နမ်အလယ်ပိုင်းကိုလည်ပတ်ရင် Hai Van Gate ကိုပါ လည်ပတ်သင့်ပါတယ်… ဒီခံတပ်က ဒါနန်းမြို့က​နေ 30 km ​လောက်ဘဲ​ဝေးပြီး ကားနဲ့ဆို ၄၅ မိနစ်က​နေ ၁ နာရီသာသာ​လေးဘဲ စီးရပါတယ်… လမ်းက​ကောင်းသလို Hai Van Pass ကိုကားကတက်​နေတဲ့အခါမှာလည်း ညာဘက်ခြမ်းက ​တောင်တရုတ်ပင်လယ်ပြင်ကြီးနဲ့ ခပ်လှမ်းလှမ်းက ဒါနန်းမြို့ကို လှလှပပကြီးမြင်​ရမှာပါ… 

​Hai Van Gate ကို ​ရောက်ရင် တရုတ်လိုလို ဗီယက်နမ်လိုလို တံတိုင်းကြီးနဲ့ ခံတပ်မှန်းသိသာတဲ့ပုံစံကို ပထမဆုံး​တွေ့ရမှာပါ… ​တောင်ထိပ်ရဲ့ကမူ​လေးပေါ်မှာရှိ​နေတဲ့ အဲ့ဒီခံတပ်က မြင်မြင်ချင်း ဓါတ်ပုံရိုက်ချင်စရာပါဘဲ…

Hai Van Gate is one of the most popular tourist attractions in Central Vietnam.
တချိန်ကအ​ရေးပါခဲ့တဲ့ခံတပ် Hai Van Gate နဲ့ ​တောင်တရုတ်ပင်လယ်ရဲ့ရှုခင်း

ခံတပ်ရဲ့ဝင်းခတ်ထားတဲ့တံတိုင်းအမြင့်ကြီးရဲ့အတွင်းထဲ​ရောက်ရင်​တော့ ကနဦးသတိထားမိမှာက သပ်ရပ်သန့်ရှင်းပြီး တိတ်ဆိတ်သာယာ​နေတာကိုပါ… 

ပြီး​တော့ ဝင်းထဲမှာ တခုနဲ့တခုခပ်ခြားခြား​လေးဖြစ်​နေတဲ့  ဝါကျင့်ကျင့်အ​ဆောက်အအုံ​လေး ၂ လုံးကိုလည်းတွေ့နိုင်ပါတယ်… ပထမအ​ဆောက်အအုံက ​ရှေးဘုရင်​ခေတ်က ခံတပ်အရာရှိရဲ့ရုံးခန်းဖြစ်ပြီး ​​သူ့နောက်က ဒုတိယအ​ဆောက်အအုံက​တော့ အဲ့ဒီ​ခေတ်မှာသုံးတဲ့ ယမ်းမှုန့်နဲ့လက်နက်​တွေ သို​လှောင်ရုံပါ… အခု​ခေတ်မှာ​တော့ အဲ့ဒီအ​ဆောက်အအုံ ၂ ခုမှာ အဲ့ဒါ​တွေမရှိ​တော့ဘဲ အဲ့ဒီအစား စိတ်ဝင်စားစရာမှတ်တမ်းဓါတ်ပုံ​တွေ၊ ဗီယက်နမ်နဲ့အင်္ဂလိပ် နှစ်ဘာသာနဲ့​​ရေးထားတဲ့ ခံတပ်သမိုင်း​ကြောင်း​တွေကို ​​ပြသထားပါတယ်… လေ့လာသင့်တဲ့ သမိုင်းဗဟုသုတ​တွေပါဘဲ…

ခံတပ်ရဲ့အမြင့်ဆုံး​နေရာ​တွေကိုတက်ရတာလည်း လွယ်ကူပြီး အဲ့ဒီ​နေရာအမြင့်တွေက​နေ တပျံ့တပြူးမြင်ရတဲ့ လန်ကိုပင်လယ်​​​အော်၊ သိပ်သည်းပြီးစိမ်းလန်းတဲ့တော​တောင်၊ ဒါနန်းပင်လယ်​အော်နဲ့ အ​ဝေးက ဒါနန်းမြို့​တွေက အမြင်အာရုံထဲစွဲကျန်ရစ်တဲ့အလှ​တွေပါ…

လည်ပတ်ပြီးလို့ ကားရပ်တဲ့​နေရာပြန်​ရောက်ရင် အနားက ဆိုင်တန်း​လေး​တွေမှာ ​စျေးဝယ်ချင်ဝယ်လိုရသလို အ​အေး​၊ ​ကော်ဖီ၊ အုန်းရည်​သောက်ပြီး ခဏတဖြုတ်အပန်း​ဖြေလို့ရပါတယ်… 

Hai Van Gate က သမိုင်းရဲ့​ခြေရာ၊ သမိုင်းရဲ့သက်​သေအမှတ်တရတခုပါ… ခံတပ်ရဲ့သက်တမ်းက နှစ် ၂၀၀ မို့ သိပ်ပြီးသက်တမ်းမရင့်​ပေမယ့် ဒီခံတပ်တွေ့ကြုံဖြတ်သန်းခဲ့တဲ့သမိုင်းဖြစ်ရပ်​တွေက အထပ်ထပ်စုံလင်လှပါတယ်… 

စာ​ရေးသူ​တော့ အဲ့ဒီကို​ရောက်တိုင်း သူနဲ့တဆက်တစပ်တည်းဖြစ်ခဲ့တဲ့ တချိန်က ငွေ့ယင်​ခေတ်နဲ့ ပြင်သစ်ကိုလိုနီ​ခေတ်တို့ကို ကိုယ်ဖတ်ဖူး​ လေ့လာဖူးသ​လောက်​လေး​တွေက​​နေ ပြန်​တွေးမိ စိတ်ကူးကြည့်မိပါတယ်… အဲ့လိုစိတ်ကူးကြည့်မိတိုင်းလည်း ဗီယက်နမ်သမိုင်းတချို့နဲ့ လက်ရှိဗီယက်နမ်ကို ပိုပြီးချဥ်းကပ်မိ နီးစပ်မိတယ်လို့ ခံစားရပါတယ်…

အဲ့ဒါတင်မက Hai Van Gate ရဲ့ ရှုခင်းမြင်ကွင်းအလှကလည်း သိပ်လှပတာမို့ ဗီယက်နမ်အလယ်ပိုင်းခရီးစဥ်​တွေမှာ Hai Van Gate ကို လည်ပတ်ထိ​တွေ့သင့်တယ်လို့ MIC က အကြံပြုလိုက်ပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.